DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာ လူငယ်များကြား ဘာသာစကားဖလှယ်ရန် Burmese Camp Tour ချင်းမိုင်တွင် ပြုလုပ်
DVB
·
February 25, 2023
ထိုင်း-မြန်မာ လူငယ်များကြား ဘာသာစကားဖလှယ်ရန် Burmese Camp Tour ချင်းမိုင်တွင် ပြုလုပ်
Donate to DVB

ထိုင်း-မြန်မာ လူငယ်တွေကြား လွတ်လပ်ပွင့်လင်းတဲ့ အမြင်တွေနဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ အတွေ့အကြုံတွေဖလှယ်ဖို့ ရည်ရွယ်တဲ့ Burmese Camp Tour အစီအစဉ်ကို BEAM ကျောင်းနဲ့ ချင်းမိုင်တက္ကသိုလ်၊ မြန်မာစာဌာနတို့ ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်။

ဒီခရီးစဉ်ကို ဖေဖော်ဝါရီ ၂၃ ကနေ ၂၆ ရက်အထိ ၃ ရက်တာ ပြုလုပ်နေပြီး ချင်းမိုင်မြို့အတွင်းက သမိုင်းဝင် ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အမျိုးသားပြတိုက်၊ ယဉ်ကျေးမှု စင်တာ စတဲ့ နေရာတွေကို မြန်မာဘာသာစကားပြောပြီး သွားရောက် လေ့လာခဲ့ကြတာပါ။

"Burmese Camp Tour လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ CMU ထဲက မြန်မာစာဌာနက ထိုင်းကျောင်းသားတွေနဲ့ နာရေဆူဝမ်မှာ ရှိတဲ့ ကျောင်းသားတွေ၊ ချင်းမိုင်မှာရှိတဲ့ မြန်မာ ကျောင်းသားတွေ အချင်းချင်းကြားမှာ ဘာသာစကားဖလှယ်ဖို့ အဓိက ရည်ရွယ်တယ်။

"ကျနော်တို့ တခြားနိုင်ငံမှာ လာပြီး လေ့လာတဲ့အခါ ကိုယ့်ရဲ့ သင်ယူမှု ဝန်းကျင်ကလည်း ပြောင်းလဲ သွားတယ်။ ထိုင်းကလည်း အာဆီယံနိုင်ငံတွေအတွင်းမှာ ပညာရေးအဆင့်အတန်းတခုကို ရောက်နေတဲ့ နေရာလည်း ဖြစ်တယ်။ မြန်မာ ကျောင်းသားတွေ လာလေ့လာခြင်းအားဖြင့် သူတို့ရဲ့ Community လည်း ပိုကျယ်လာတယ်။ သင်ယူစရာတွေလည်း ပိုရရှိလာတယ်။ ပိုပြီး တိုးများလာမယ် ထင်ပါတယ်"လို့ BEAM Education Foundation မှ ကိုခန့်ဇော်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

Burmese Camp Tour ကို ဒီနှစ်မှာ ပထမဆုံး လုပ်တာပါ။ ဒီအစီအစဉ်မှာ ချင်းမိုင် တက္ကသိုလ် မြန်မာစာဌာနမှ ကျောင်းသား ၁၀ ဦး၊ နရေဆူဝမ်က ကျောင်းသား ၁၀ ဦးနဲ့ မြန်မာ လူငယ် ကျောင်းသား ၁၀ ဦး၊ စုစုပေါင်း ကျောင်းသား ၃၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာစာ လေ့လာနေတဲ့ ထိုင်းကျောင်းသားတဦးကတော့ အခု camp ကနေ မြန်မာ သူငယ်ချင်းအသစ်တွေရဖို့ မျှော်လင့်ထားပြီး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကို နှစ်သစ်တာကြောင့် မြန်မာစာကို လေ့လာဖြစ်တာလို့ ပြောပါတယ်။

"ခံစားချက်ကတော့ ပျော်ပါတယ်။ ရာသီဥတု ပူပေမယ့် သူငယ်ချင်းတွေနဲ့ လျှောက်သွားရတာ ပျော်ပါတယ်။ ဘာကြောင့် မြန်မာစာ သင်ရလဲဆိုတော့ မြန်မာရိုးရာ ယဉ်ကျေးမှု ကိစ္စကို ကြိုက်တယ်။ ဒါကြောင့် လေ့လာချင်တာပါ။ ဒီ camp ကနေ ရတဲ့ ရည်ရွယ်ချက်က သူငယ်ချင်း အဖော်ရတယ်။ စကား ပြောလေ့ကျင့်လို့ရတယ်။ မိတ်ဆွေ အသစ်တွေ ရတယ်။"

ချင်းမိုင်တက္ကသိုလ်၊ မြန်မာစာဌာန၊ တတိယနှစ် ကျောင်းသား ဆန်းကိုကိုက "မြန်မာပြည်ကို သွားလည်ချင်ပါတယ်။ တကယ်လို့ သွားလို့ရရင် ရွှေတိဂုံ ဘုရားကို သွားဖူးချင်တယ်။ ဒီ camp ကိုလည်း ရေရှည်မှာလည်း ရှိစေချင်တယ်။ ညအိပ်ခရီးလည်း စီစဉ်စေချင်တယ်။ အခြား တက္ကသိုလ် ကျောင်းသားတွေနဲ့လည်း တွေ့ဆုံချင်ပါတယ်"လို့ ပြောပါတယ်။

ချင်းမိုင်တက္ကသိုလ်၊ မြန်မာစာဌာနမှာ ထိုင်းကျောင်းသားတွေအပြင် ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ထိုင်းနိုင်ငံမှာပဲ ကြီးပြင်းလာတဲ့ မြန်မာ တိုင်းရင်းသား လူငယ်တွေလည်း မြန်မာစာ သင်ကြားနေပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မွေးဖွားပြီး နှစ် ၂၀ ကျော် နေထိုင်ခဲ့တဲ့ ကျောင်းသူတဦးကတော့ ကိုယ့်မိခင် ဘာသာစကားကို အပြောပဲ တတ်တာကြောင့် အရေး၊ အဖတ် လေ့လာချင်လို့ မြန်မာစကား သင်ကြားတာလို့ ပြောပါတယ်။

ချင်းမိုင်တက္ကသိုလ်၊ မြန်မာစာဌာန၊ တတိယနှစ် ကျောင်းသူ သင်းသင်းချိုက "ကိုယ့်ရဲ့ ဘာသာစကားကို လေ့လာချင်တယ်။ ဘာဖြစ်လို့ လေ့လာဖြစ်လဲဆို ကျမက ငယ်ငယ်တုန်းက မြန်မာစကား ပြောတယ်။ ဒါပေမဲ့ အဖတ်နဲ့ အရေး မတတ်ဘူး။ ပိုတတ်လာအောင် ဒီမှာ စာလာသင်တယ်။ ကိုယ့်အိမ်က မဲဆောက်မှာ ရှိတယ်ဆိုတော့ မြန်မာပြည်နဲ့ နီးကပ်တယ်။ အလုပ်အကိုင် လုပ်ရင် ပိုအဆင်ပြေမယ်ထင်တယ်။ ထိုင်းနိုင်ငံမှာ နေတာက ဒီမှာ မွေးတယ်ဆိုတော့ ကြာပြီ။ ၂၂ နှစ်ရှိပြီ။ မြန်မာပြည်ကို စီးပွားရေးတွေကော၊ လူမှုရေးတွေကော အကုန် ကောင်းလာစေဖို့ ဆုတောင်းပါတယ်" လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှုတွေနဲ့အတူ ပညာရေးကဏ္ဍပါ ဆုတ်ယုတ်သွားတာကြောင့် မြန်မာလူငယ်တွေဟာ ပြည်ပထွက်ပြီး ပညာရှာ၊ အလုပ်လုပ်ကိုင်မှု ပိုမို များပြားလာပါတယ်။

အခြားနိုင်ငံတွေထက် ပညာရေးစရိတ် ပိုသက်သာတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ရွှေ့ပြောင်း ပညာသင်တဲ့ မြန်မာလူငယ်တွေ ပိုမို များပြားလာပြီး ချင်းမိုင် တက္ကသိုလ်မှာလည်း မြန်မာကျောင်းသားဦးရေ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013