
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အုပ်ချုပ်ရေးနဲ့ ဝန်ကြီးဌာနလုပ်ငန်းတွေကို ပြန်လည်ပတ်ဖို့ စစ်အာဏာရှင်က ပြင်ဆင်နေပါတယ်။
စစ်အာဏာရှင်တပ်က ယင်းမာပင်ခရိုင်ထဲက ကနီမြို့နယ်ကို ဧပြီ ၂၈ ရက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
ရက်ပေါင်း ၂၀ နီးပါး စုစုပေါင်းအင်အား ၁,၀၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ၃ ခုရဲ့ ထိုးစစ်ကြောင့် ချင်းတောင်၊ လယ်ရှည်၊ လင်ပုန်းရည်၊ ချောင်းမ၊ အောင်မင်္ဂလာ၊ သင့်ဝင်၊ မင်းမ ကျေးရွာတို့ အပါအဝင် ကျေးရွာ ၄၄ ရွာက ဒေသခံပြည်သူ ၃၀,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ထိုးစစ်ကြောင့် ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖက ဒေသတွင်းပြည်သူတွေ Star Link အင်တာနက် သုံးစွဲတာကို ရပ်နားထားဖို့ ကြေညာထားပါတယ်။
မေ ၁၇ ရက်မှာ ကနီမြို့နယ်အတွင်း မုံရွာ-ချောင်းမ-ယာကြီး-ကလေးဝလမ်းနဲ့ ချင်းတွင်းမြစ်ကြောင်းကို ပြည်သူတွေ ခရီးသွားလာခွင့် ကနီပအဖက ယာယီပိတ်သိမ်းကြောင်း ထပ်မံကြေညာထားပါတယ်။
ကနီဒေသခံတယောက်က “လဝကနဲ့ပတ်သက်တဲ့ အချက်အလက် ဒေတာတွေတောင်မှ မနက်ဖြန်က စပြီးတော့ သူက ကနီမြို့ပေါ်မှာပြန်ပြီးတော့ အဲဒီဒေတာတွေ လုပ်ငန်းစဉ်တွေ လုပ်မယ်ဆိုရင် အဲဒီမှာ ပြန်ပြီးလုပ်ပေါ့ဗျာ။ သူတို့ လက်လွှတ်ထားရတဲ့ ကနီမြို့နယ်ကို Non CDM တွေနဲ့ သူတို့က ပြန်လည်ပတ်မှာ။ ဆိုလိုချင်တာကတော့ သူက ကနီနယ်မှမဟုတ်ဘူး၊ အနီးနားတွေ စကစက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ဒေသတွေ အဲဒီအတိုင်း သွားမဲ့သဘော။ မင်းကုန်းရှို့တယ်၊ ရှမ်းမြောင်းလည်းရှို့တယ်၊ သမင်ခြံ၊ မုဌောလည်းရှို့တယ်၊ သမင်ခြံဆိုရင် ၂ ကြိမ်တောင်၊ ချောင်းမမှာ အရင်နေ့တွေက ကြားတာဆို ဘန်ကာတွေဆောက်ဖို့ ပေါက်ပြားတွေနဲ့တူးတာ၊ အဲဒီအတိုင်းသာဖြစ်သွားပြီဆိုရင် ကနီနယ်တောင်ခြမ်းက PDF ဆိုတာ သွားပြီ” လို့ ပြောပါတယ်။
စစ်တပ်က ကနီမြို့နယ်အတွင်း မူလရှိပြီးသား အင်အားတွေနဲ့ မုံရွာနမခက အင်အားတွေ စုပေါင်းပြီး ဒေသတွင်း ကျေးရွာတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။
ထိန်းချုပ်ပြီးသားနေရာတွေကို ဗျူဟာတကျ စိုးမိုးနိုင်ရေးအတွက် အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ ဌာနဆိုင်ရာ လုပ်ငန်းတွေကိုပါ တပါတည်း ပြန်လည်ပတ်နိုင်ဖို့ အားထုတ်နေပါတယ်။
ကနီမြို့နယ်အတွင်း ရွာစဉ်လှည့်နေတဲ့ စစ်ကြောင်း ၃ ခုမှာ အကြမ်းဖက်ထိန်းချုပ်ဖို့ ကြိုးစားတဲ့ စစ်ကြောင်းနဲ့ စည်းရုံးသိမ်းသွင်းရေး လုပ်ဆောင်တဲ့ စစ်ကြောင်းဆိုပြီး အသွင် ၂ မျိုး တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီဒေသခံတယောက်က “တန့်ဆည်ချောင်၊ ရှမ်းမြောင်း၊ မင်းကုန်းတွေ မီးရှို့တယ်ဆိုတဲ့ စစ်ကြောင်းက ကနီကနေမှ ထွက်တဲ့စစ်ကြောင်းပါဗျ။ ကနီက သူတို့က ကဒီးကဒီး ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခံရတာရော ဘာရော မခံချင်စိတ်တွေ၊ အငြိုးအတေးတွေနဲ့ ထွက်ပြီးတော့ မီးရှို့တာပါဗျ။ ဆိုးပြီးတော့ မီးရှို့နေတဲ့ စစ်ကြောင်းက ကနီက နဂိုကတည်းကရှိနေတဲ့ စစ်ကြောင်းလို့ ကျနော်တို့အနေနဲ့ မြင်တာပေါ့ဗျာ။ သမင်ခြံ ဘောလုံးကွင်းထဲမှာ ညှဉ်းပန်းနှိပ်စက်ထားတယ် ဆိုတဲ့ဟာကတော့ အလောင်းမတွေ့သေးတဲ့အကြောင်းကို ပြန်ပြီး ပြောလာတယ်ဗျ” လို့ ပြောပါတယ်။
စစ်တပ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)ကို ဗဟိုပြုပြီးတော့ ပတ်ခြာလည်မှာရှိနေတဲ့ ယင်းမာပင်ခရိုင်ထဲက ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်မြို့နယ်တွေအပြင် မုံရွာမြို့တောင်ဘက်(အောက်ဘက်ပိုင်း)က ချောင်းဦးမြို့နယ်ကိုလည်း ဖိအားပေး တိုက်ခိုက်နေပါတယ်။
မေ ၁၆ ရက်မှာ မုံရွာ-ချောင်းဦးမြို့နယ်အစပ် ရှားပင်ကျွန်းကျေးရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် မယ်သီလရှင်တပါးနဲ့ အဘွားအိုတယောက် ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
ချောင်းဦးပကဖအဖွဲ့ဝင်တယောက်က “မိုးကြိုးခြိမ်းတာနဲ့ သူတို့ချတာနဲ့ တပြိုင်တည်းလို ဖြစ်သွားတယ်။ သူတို့လာမှန်းမသိလိုက်ရတဲ့ သဘောပေါ့ဗျာ မိုးရွာထဲ၊ ပြည်သူတွေကို လိုက်ချနေတဲ့ သဘောပေါ့ဗျာ။ ၂ ယောက်တော့ ထိတယ်လို့ကြားတာပဲ။ မယ်သီလရှင်တပါးနဲ့ အဘွားကြီးတယောက်လို့ ကြားတာပဲ။ အများပြည်သူ ဒုက္ခရောက်မဲ့အရေးကို သူတို့လိုက်ကြံနေတာ၊ ကမ်းပြိုလို့ အခက်အခဲကြုံလို့ အထက်မှာ တက်လာတာလေ။ ဒုက္ခရောက်ပါတယ်ဆိုမှ ဒုက္ခထပ်ပြီးတော့ ပေးဆပ်ရတဲ့သဘော ဖြစ်နေတယ်၊ ဝဋ်ကြွေးပေါ့ဗျာ” လို့ ပြောပါတယ်။
မုံရွာမြို့အနောက်ခြမ်း၊ ချင်းတွင်းမြစ်တဖက်ကမ်းက ယင်းမာပင်ခရိုင်ဟာ စစ်ကိုင်း-မကွေး-ချင်းပြည်နယ် လမ်းပန်းခရီးအတွက် အရေးပါတဲ့ဒေသဖြစ်တာကြောင့် စစ်တပ်က လမ်းပိုင်းတွေကို ပြန်စိုးမိုးနိုင်ဖို့ ဖိအားပေးနေတာပါ။
မုံရွာမြို့ကို ဗဟိုပြုပြီး အရှေ့ဘက်က ရွှေဘိုနဲ့ အရာတော်မြို့နယ်တွေကို ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်က ကြိုးစားနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
သုတချမ်းသာ











