
ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အခု ပညာသင်နှစ်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ စာရေးကိရိယာဈေးနှုန်း မြင့်တက်လာနေတဲ့အတွက် ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေးမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။
အခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဖွင့်ရာသီ ရောက်ရှိလာတော့မဲ့အချိန် ရခိုင်ဒေသမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေတင် မကဘဲ ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ စာရေးကိရိယာ ဈေးနှုန်းတွေဟာလည်း အဆမတန် မြင့်တက်နေတာပါ။
အခုလို ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ဒီနှစ် ကျောင်းဖွင့်ရာသီဟာ ကျောင်းသားမိဘတွေ အတွက်ကတော့ ပိုပြီး အခက်ကြုံနေကြရပါတယ်။
လက်ရှိ ဈေးကွက်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ် ဈေးနှုန်းတွေဟာ အနိမ့်ဆုံး KG တန်း စာအုပ်တစုံကို ၂၅,၀၀၀ ကျပ်ကနေ အထက်တန်းအဆင့် Grade-12 စာအုပ်တစုံကို ၇၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတာပါ။
စားဝတ်နေရေး ကျပ်တည်းနေတဲ့ကြားကနေ သားသမီးတွေကို ကျောင်းထားပေးဖို့ ကြိုးပမ်းနေကြတဲ့ ကျောင်းသားမိဘတွေအတွက်ကတော့ ကျောင်းသုံးပုံနှိပ်စာအုပ် ကုန်ကျစရိတ် အပြင် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနဲ့ တခြားကျောင်းသုံးပစ္စည်းတွေပါ ဈေးနှုန်းမြင့်တက်နေလို့ ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာနေပါတယ်။
ကျောင်းသားမိဘတယောက်က “စားသောက်ကုန်တွေ ဈေးတက်ရတဲ့အထဲမှာ ဒီ ပညာရေးနဲ့ ဆက်စပ်ပစ္စည်းတွေပါ ဈေးတက်လာတယ်ဆိုတော့ အမျိုးမျိုး ဒုက္ခတွေနဲ့တော့ ကြုံရတာပေါ့။ ကျောင်းတက်ရတာလည်း ဒီမှာက ကျောင်းဆရာ၊ ဆရာမတွေအတွက် ကျောင်းတက်ကတည်းကနေ ကျူရှင်ခအပြင် ကျောင်းတက်တာနဲ့ လစဉ်ကြေးတွေ ပေးပြီးတော့မှ ကျောင်းတက်ရတဲ့ ကျောင်းသားတွေ ဆိုတော့ အခုလို ပစ္စည်းတွေ ဈေးတက်တာတွေဆိုရင် ပိုပြီးတော့ ကုန်ကျစရိတ်တွေ များတာပေါ့။ ကျနော်တို့ ဒီဘက်မှာ ကျောင်းသားတွေက မူလတန်းကနေ အထက်တန်းအဆင့်ထိ ကျောင်းတက်ရင် ကျောင်းမှာ လစာပေးရတာပေါ့။ အဲဒီလို ကုန်ကျစရိတ်တွေထဲမှာမှ အခုလို ဈေးတက်လာတယ်ဆိုတော့ အကုန်လုံး ဒုက္ခရောက်ကုန်ကြတာပေါ့။ ရေရှည် ဘယ်လိုဆက်သွားမလဲ၊ ဒါကို စိုးရိမ်ပူပန်မှုတွေက ကျောင်းသားမိဘတိုင်းလိုလို ရှိတယ်” လို့ ပြောပါတယ်။
ကျောင်းသုံးပစ္စည်းတချို့ကို အိန္ဒိယနိုင်ငံဘက်က တင်သွင်းနိုင်ပေမဲ့လည်း မြန်မာစာသင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တွေကိုတော့ ပြည်မဘက်က မှာယူရတာပါ။
ဒါပေမဲ့ လက်ရှိမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ရပ်တန့်နေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စာအုပ်ပြတ်လပ်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။
တဖက်မှာလည်း ရခိုင်က အခြေခံလက်လုပ်လက်စားတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေကတော့ ပိုမိုခက်ခဲလာကြပြီး ကျောင်းထွက်ရမှု ပိုမိုများပြားလာနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စာအုပ်အသစ် မဝယ်ပေးနိုင်လို့ အဟောင်းတွေကို လိုက်လံရှာဖွေနေရသလို တချို့ကလေးတွေမှာတော့ စာအုပ်တအုပ်တည်းကို နှစ်ယောက်ပေါင်းပြီး ပညာသင်ကြားနေရတဲ့ အခြေအနေထိ ရှိနေကြတာပါ။
စစ်ရှောင်ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတယောက်က “မိဘတွေအနေနဲ့ သားသမီးကို ကျောင်းထားပေးနိုင်ဖို့အတွက် အများကြီး ရုန်းကန်ရတာ ရှိတယ်။ တချို့ ကလေးများတဲ့ မိသားစုဝင်တွေ၊ ပြီးတော့ အတန်းကြီးတွေရှိတဲ့ မိသားစုဝင်တွေဆိုရင် စာအုပ် ဈေးတက်နေတဲ့အတွက်ကြောင့်မို့လို့ သားသမီး ကျောင်းထားပေးဖို့အတွက် အများကြီး ခက်ခဲကြတာ ရှိတယ်ပေါ့လေနော်။ တချို့ကလေးတွေဆိုရင် နှစ်ယောက်ပေါင်းပြီးတော့ စာအုပ်တအုပ်နဲ့ ပညာသင်ကြားရတာမျိုးတွေ ရှိတယ်။ နှစ်ယောက်ပေါင်းပြီးတော့ တအုပ်သင်နေရတဲ့ ကလေးတွေအနေနဲ့ကကျတော့ စာသင်ကြားချိန်မှာလည်း အာရုံစိုက်မှုက အားနည်းသလို စာသင်ကြားပြီးတဲ့အချိန် ကိုယ့်ဘာသာ အိမ်မှာ လေ့လာဖို့အတွက်လည်း အခက်အခဲတွေ ရှိတယ်ပေါ့လေ။ ဒါကြောင့်မို့လို့ ကလေးတွေရဲ့ ဒီ ပညာရေးအပေါ် စိတ်မဝင်စားမှုတွေက ပိုပြီးတော့ ဒါ လျော့နည်းလာနိုင်တယ်ပေါ့နော်” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင် ကလေးငယ်တွေ ဆက်လက်ပညာသင်ကြားနိုင်ဖို့အတွက် စာရေးကိရိယာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
စာအုပ်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ကျောင်းထွက်မှု များလာနေတဲ့အတွက် အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ ကလေးငယ်တွေအနေနဲ့ ပညာရေးနဲ့ ဝေးကွာသွားမယ်ဆိုရင် အနာဂတ် ရခိုင်ပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်လာလိမ့်မယ်လို့ ပညာရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။










