DVB Logo
Home
Lead Story
စစ်ခွေးရူး အန္တရာယ် သတိပြုကြဖို့
DVB
·
February 25, 2023
စစ်ခွေးရူး အန္တရာယ် သတိပြုကြဖို့
Donate to DVB

တော်လှန်ရေးကာလ ၂ နှစ်ကျော်လာတဲ့နောက် အပြောင်းအလဲတွေလည်း ရှိလာပါတယ်။ တချို့အပြောင်းအလဲတွေက သိသိသာသာ ထင်ထင်ရှားရှား။ တချို့က မသိမသာ မထင်မရှား။ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေထဲမှာ စစ်မိစ္ဆာတပ်ရဲ့ အခြေအနေတွေ တနေ့တခြား တဖြည်းဖြည်း ဆိုးရွားလာတာလည်း တခုအပါအဝင်ပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း ၂ နှစ်ပြည့်မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်ကိုပဲ ကြည့်ပါ။ အချိန်ကာလအနေနဲ့ ၂ နှစ်ကြာပြီ။ ဒီအတောအတွင်း လက်နက်အားကိုးနဲ့ အကြမ်းပတမ်းနည်း​​ပေါင်းစုံသုံးပြီး တော်လှန်ရေးမှာ မပါဝင်ရဲအောင် ခြောက်လှန့်ထားပြီးပြီ။ ဒါ့အပြင် စားဝတ်နေရေးကလည်း တနေ့ထက်တနေ့ ကျပ်တည်းလာပြီ။ ဒီလိုအကြောင်းပေါင်းစုံကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ်မှာ အရင်ကလို ပါဝင်ကြတော့မယ်မဟုတ်။ ဒါကြောင့် အရင်အခါတွေကလို silent strike ဟာ အောင်မြင်မှာမဟုတ်တော့။ အဲ့သလို စစ်မိစ္ဆာတပ်ဘက်က ယူဆထားကြမှာပါ။ ဒါပေမဲ့ တကယ်စလိုက်တဲ့နေ့မှာတော့ အာဏာရှင်အ‌ပေါင်းတို့ မျက်လုံးအဟောင်းသားဖြစ်ကြရတဲ့အထိ silent strike ခေါ် အသံတိတ်သပိတ်ဟာ အောင်မြင်ခဲ့ပါတယ်။

ပြည်သူတွေ ဘယ်လောက်အထိ ပါဝင်သလဲဆိုရင် မနက်စောစော လှည့်ရောင်းတဲ့ ပဲပြုတ်သည်ကအစ စျေးထွက်မရောင်းတဲ့အထိပါပဲ။ တနေ့လုပ်မှ တနေ့စားရတာ အနှီပဲပြုတ်သည်ခမျာ သိရှာတာပေါ့။ ခုလို ခေတ်ပျက်ထဲ တနေ့မလုပ်ရင် တနေ့ခက်မှာ သိတာပေါ့။ ဒါပေမဲ့ ဒီနေ့တရက် ငတ်ရင်ငတ်ပလေ့စေ။ ငါတတ်နိုင်သလောက် တော်လှန်ရေးမှာ ပါဝင်မယ်။ ဒီစစ်မိစ္ဆာတွေကို ရွံမုန်းကြောင်း၊ ၂ နှစ်ကြာသည့်တိုင် ငါတို့သွေးမအေးကြောင်း ပြသမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အပြင်မထွက်ခဲ့ကြတာပါ။ ပဲပြုတ်သည်ဟာ သူ့နည်းနဲ့သူ ပါဝင်သလို ကျန်တဲ့သူတွေကလည်း သူ့နည်းနဲ့သူ ပါဝင်ခဲ့ကြတာချည်းပါပဲ။ စက်ရုံ အလုပ်ရုံသမားတွေဆို silent strike စတင်မယ့် ၁၀ နာရီမတိုင်ခင် အလုပ်ကို ကြိုသွားကြတာမျိုး၊ စျေးဆိုင်တွေဖွင့်ထားပေမဲ့ ပစ္စည်းအရေအတွက် လျှော့ချတာမျိုး၊ အမြဲလိုလို လူစည်တဲ့နေရာတွေမှာတောင် တယောက်စ နှစ်ယောက်စသာ တွေ့ရတော့တဲ့အထိ ဖြစ်သွားတာမျိုးပါ။ ဒါက တမြို့တည်း တနေရာတည်းမှာတင် တွေ့ရတာမဟုတ်ဘူး။ နိုင်ငံတဝန်းက နေရာအသီးသီးမှာ တွေ့ကြရတာမျိုး ဖြစ်ပါတယ်။ တခြားမြို့တွေထက်စာရင် ပိုစည်ကားတဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတောင် ခြောက်ကပ်ရှင်းလင်းနေခဲ့တာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ် အောင်မြင်ပါ့မလား စိုးထိတ်ကြသလို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက ပါဝင်ကြပါ့မလားလို့ စိတ်ပူမိကြပါတယ်။ ဒါပေမဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရဲ့ တက်တက်ကြွကြွ ပါဝင်မှုနဲ့အတူ အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ်ကြီးဟာ အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပါတယ်။ စစ်မိစ္ဆာတပ်ကို သိမ်မွေ့တဲ့နည်းနဲ့ အရှိုက်ထိုးနှက်ခဲ့တဲ့ ပြည်သူ့လှုပ်ရှားမှုတခုပဲ ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးအရကြည့်မယ်ဆို စစ်မိစ္ဆာတပ်ဟာ အဲ့ဒီလို ပြည်သူ့ချဥ်ဖတ်အနေအထားကို ရောက်ရှိခဲ့ရတာပါ။ တခြားသာဓကတွေရှိသည့်တိုင် silent strike ကတော့ နီးစပ်ရာနမူနာပဲ ဖြစ်လို့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီလို ပြည်တွင်းထောက်ခံမှု အနုတ်လက္ခဏာထွက်နေတဲ့ စစ်မိစ္ဆာအတွက် ပြည်ပနိုင်ငံရေး ထောက်ခံမှုတွေကလည်း နိမ့်ကျပြီးရင်း နိမ့်ကျလာပါတယ်။ အာဆီယံအဖွဲ့ကတောင် စိတ်ကုန်လာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံရမယ်ဆိုတဲ့ အသံတွေ ထွက်လာရပါတယ်။ ကုလမှာဆိုလည်း အာဏာသိမ်းကတည်းက အမြဲလိုလို ဗီတိုသုံး ကာကွယ်ပေးခဲ့တဲ့ တရုတ်၊ ရုရှားတို့က မဲမပေးဘဲ နေလာတာမျိုးအထိ ရှိလာပါတယ်။ မှန်ပါတယ်။ အဲ့ဒီနိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် တနိုင်ငံချင်းအရဖြစ်စေ စစ်မိစ္ဆာတပ်ကို ဆက်လက်ပံ့ပိုးနေဆဲ ရှိပါတယ်။ သို့ပေမဲ့ နိုင်ငံတကာအဆင့်မှာတော့ စစ်မိစ္ဆာတပ်ကို ယခင်ကလောက် ဗြောင်ကျကျ ရဲရဲတင်းတင်းနဲ့ လွယ်လင့်တကူ ကာကွယ်ပြောဆိုတာမျိုး မလုပ်တော့တာကို ဆိုလိုတာပါ။ တဖက်မှာတော့ NUG ဟာ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတွေရဲ့ အလေးထားဆက်ဆံခံရမှုတွေနဲ့အတူ နိုင်ငံတကာ သံတမန်မျက်နှာစာမှာ ဆက်တိုက် အောင်ပွဲခံနေပါတယ်။ အဲ့သလို နိုင်ငံရေး၊ သံတမန်ရေး၊ ပြည်သူ့ထောက်ခံမှု ဆက်တိုက် ဆက်တိုက် ကျရှုံးနေတဲ့ စစ်မိစ္ဆာတပ်ဟာ ရွေးချယ်စရာ အများကြီးမရှိတော့ပါဘူး။ ရွေးကောက်ပွဲအယောင်ပြပြီးလုပ်တဲ့ နိုင်ငံရေးထွက်ပေါက် ဆိုတာကလည်း အလုပ်မဖြစ်ပါဘူး။ ပြည်တွင်းရော နိုင်ငံတကာကပါ လက်မခံကြောင်း ဖော်ပြထားကြပြီးသား ဖြစ်ပါတယ်။

ဒီလို အဘက်ဘက်ပိတ်ဆို့သွားပြီဖြစ်တဲ့ စစ်မိစ္ဆာတပ်မှာ ရွေးစရာတခုပဲ ရှိပါတော့တယ်။ ဘာလဲဆိုရင် လက်နက်အားကိုးပြီး စစ်ရေးနဲ့ အကြမ်းအရမ်းဆုံး ဖိနှိပ်ချေမှုန်းလာဖို့ပဲ ရှိပါတော့တယ်။ “မင်းတို့မည်သည် ခြင်္သေ့လိုရက်စက် မြေခွေးလိုကောက်ကျစ်ရမည်” ဆိုတဲ့ အာဏာရှင်မှန်သမျှ ကျင့်သုံးလာခဲ့တဲ့ “ရရင်ပြီးစတမ်း၊ ဘယ်နည်းနဲ့လုပ်လုပ် တရားတယ်” ဆိုတဲ့ လမ်းစဥ်ကို နောက်ဆုံးတော့ စစ်မိစ္ဆာတပ်က လျှောက်လှမ်းတော့မှာ ဖြစ်ပါတယ်။

မကြာသေးမီက တချို့ဒေသတွေမှာ မာရှယ်လောထုတ်ပြန်တာ၊ လက်နက်ကိုင်ဆောင်ခွင့် ဆိုပြီး လုပ်လာတာတွေကို ကြည့်ရင် သိသာပါတယ်။ တိုင်းပြည် အခွံပဲကျန်ပလေ့စေ၊ ငါတို့ကို ဆန့်ကျင်သူမရှိဖို့ အဓိက။ ငါတို့ဆက်အုပ်ချုပ်ရဖို့ အရေးကြီးတယ်ဆိုပြီး အမိုက်ဆုံးလမ်းကို ရွေးချယ်လိုက်တော့တာပါ။ ပြည်သူတွေအနေနဲ့လည်း သန်းခေါင်ထက် ညဉ့်မနက်တာမှန်ပေမဲ့ ဒီကောင်တွေ လျှောက်တော့မယ့် ခြေလှမ်းကိုတော့ အသိ၊ သတိ ရှိထားကြဖို့လိုပါတယ်။ ဒါ့အပြင် ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့ ဆိုတာကို သက်သေပြနိုင်ဖို့၊ တရားတဲ့သူသာ နိုင်ကြေးဖြစ်ကြောင်း ပြသဖို့ ပြည်သူများအနေနဲ့ ကိုယ်နိုင်ရာဝန်ကို ဆက်လက်ထမ်းဆောင်ရင်း နွေဦးအောင်ပွဲဆီကို အပြီးသတ်ချီတက်ကြဖို့ နှိုးဆော်လိုက်ရပါတယ်။

တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013