
ကျနော် ဆယ်တန်းကျောင်းသား ဘဝတုန်းကပါ။ ပဲခူး ညောင်ဝိုင်း ၁၄ လမ်းမှာ မိဘတွေနဲ့အတူ နေစဥ်ကပါ။
ဒီတုန်းက စာတိုပေစလေးတွေကလည်း ဖတ်ခါစ။ ဆရာကြီး ပီမိုးနင်းတို့ သိန်းဖေမြင့်တို့ မောင်သာရတို့ ဖတ်တော့ စာရေးသူဆိုတာ ဘဝနဲ့ရင်းပြီး ဖြတ်သန်းဖူးမှ စာရေးဆရာကောင်း စာကောင်းပေမွန် ထွက်မယ်ဆိုတဲ့ သူတို့အယူအဆ လမိုင်းကပ်နေတဲ့အချိန်ပေါ့။ ဥပမာ တက္ကစီကားမောင်းသမားအကြောင်း ရေးချင်ရင် ကိုယ်တိုင် တက္ကစီမောင်းသမားဘဝ ဖြတ်သန်းပြီးရေးရင် အပီပြင်ဆုံးပေါ့ဆိုတဲ့ အယူအဆအပေါ် အရမ်းစိတ်ဝင်စားနေတဲ့အချိန်။ စာပေဝါသနာပါတဲ့ သူငယ်ချင်း မင်းခိုင်ဦးနဲ့တွဲပြီး သူတောင်းစား လုပ်ခဲ့ဖူးတယ်....ဆိုပါတော့ဗျာ။
သိကြတဲ့အတိုင်း ပဲခူး ရွှေမော်ဓောဘုရားပွဲဆိုတာ တကယ့် အထင်ကရ စည်ကားတဲ့ နာမည်ကျော် ဘုရားပွဲပါ။ အဲဒီဘုရားပွဲမှာ ကျနော်တို့နှစ်ယောက် သူတောင်းစား လုပ်ခဲ့တာပါ။ ပထမ မင်းခိုင်ဦးနဲ့ ကျနော်က တောင်းပုံတောင်းနည်း အသံနေအသံထား လေ့ကျင့်ကြရပါတယ်။ သုံးလေးရက် လေ့ကျင့်ရတာပါ။ လူသူမနီး မြို့အပြင်ဘက် တပ်ကလေးရွာရောက်ကာနီး မြို့ရှောင်လမ်းမှာ သွားကျင့်ကြတာပါ။ အဝတ်အစားတွေ ပေကျံဟောင်းနွမ်းစုတ်ပြဲအောင်လုပ်ကြ ရှာဖွေ စုဆောင်းရပါတယ်။ ဒန်ခွက်အဟောင်း အပိန်တခွက်စီ ရှာကြပါတယ်။ မျက်နှာတွေ ဆံပင်တွေကိုလည်း ပွယောင်းပေကျံအောင်လုပ်ကြပါတယ်။ လိုအပ်တဲ့ သူတောင်စား အထောက်အကူပြုပစ္စည်းတွေ စုဆောင်းပြီးတဲ့အခါ ည ၉ နာရီလောက် အိမ်ကနေ ခိုးထွက်ခဲ့ကြပါတယ်။ ရွှေမော်ဓောဘုရား ခြင်္သေ့ကြီး ၂ ကောင်အောက် လမ်းဘေး တယောက်စီ နေရာယူလိုက်ကြပါတယ်။ မီးရောင်တထိန်ထိန်အောက် ဘုရားပွဲလာပရိတ်သတ်တွေကြား ပုဆိုးစုတ်တွေခြုံပြီး ကိုယ်အသံနဲ့မတူအောင် အသံဖျက်ပြီး ပြောဆို တောင်းရမ်းကြပါတယ်။
အဲဒီပထမနေ့ညမှာပဲ တိုက်တိုက်ဆိုင် အိမ်က အစ်မတွေ အဒေါ်တွေ ဘုရားပွဲလာကြတဲ့ည ဖြစ်နေပါတယ်။ သူတို့ကို လေးငါးကိုက်အကွာကတည်းက ကျနော်တွေ့ထားတာပါ။ လူတွေ ပြည့်ကြပ်နေတာဆိုတော့ ကျနော့်အဒေါ်က လမ်းဘေးမဆင်းရုံတမယ်အထိ တိုးပြီး လျှောက်လာပါတယ်။ ပြီးတော့ ကျနော့်ရှေ့တည့်တည့်မှာ ဖိနပ်ချွတ်ပါတယ်။ ကျနော်က မျက်နှာကို ကွယ်နိုင်သမျှကွယ်အောင်လုပ်ပြီး အဒေါ့်ခြေထောက်မထိရုံတမယ် ကိုယ်ရှေ့ကိုင်းပြီး တမင်အသံမြှင့်ပြီး တောင်းလိုက်ပါတယ်။ အဒေါ်က သူ့ဘေးက သူ့တူမလက်ကိုဆွဲ ခြေထောက်ကို ကမန်းကတန်းရုပ်၊ ပါးစပ်ကလည်း ဗျစ်တီးဗျစ်တောက်ပြောဆိုပြီး လူတွေကြား တိုးသွားခဲ့ပါတယ်။
ကံကောင်းချင်တော့ ပထမနေ့ညမှာ ၁၀ နာရီလောက်ရှိတော့ ကျနော်တို့ နှစ်ယောက်ပေါင်း ကျပ် ၅၀ ကျော် ရပါတယ်။ ( အဲဒီအချိန် မူလတန်းပြကျောင်းဆရာလစာ ၁၂၆ ကျပ်ရပါတယ်။) ကျနော်တို့ တော်တော် ပျော်ပါတယ်။ ပိုက်ဆံရတာထက် ဆန်းသစ်တဲ့ အတွေ့အကြုံအပေါ် ရင်ခုန်နေခဲ့ကြတာပါ။
နောက်တနေ့ညကြတော့ ပိုက်ဆံပို ရကြပါတယ်။ နည်းနည်းအချိန်ပိုယူပြီး ည ၁၁ နာရီကျော်မှ အိမ်ပြန်ကြပါတယ်။
အဲဒီညက ကျနော်တို့က မနေ့ကညလိုပဲ မင်းလမ်းမကြီးကမပြန်ဘဲ လူပြတ်တဲ့ ဆေးရုံကြီး နောက်ဖေး ရင်ခွဲရုံဘေးလမ်းကပဲ ပြန်လာကြတာပါ။ မီးသီးတလုံးသာ ခတ်မှိန်မှိန်ဖြစ်နေတဲ့ ရင်ခွဲရုံထိပ် ဓာတ်မီးတိုင်အောက်ရောက်တော့ ကျနော်တို့နှစ်ယောက်ကို သူတောင်းစား ၁၀ ယောက်လောက်က ရှေ့ရောနောက်ရောပိတ်ပြီး ဝိုင်းထားကြပါတယ်။ မင်းတို့ ဘယ်ကလဲ ဒါ သက်သက် ဝင်ပြီးစားခွက်လုတာ ဆိုပြီး ရိုက်မယ်နှက်မယ်လုပ်ကြပါတယ်။ ကျနော်တို့လည်း အကြိမ်ကြိမ်ရှင်းပြတောင်းပန် တောင်းလို့ရတာ တပြားမကျန်ပေးမှ ပြေလည်သွားပါတယ်။ အရိုက်မခံရ ကံကောင်းခဲ့ရပါတယ်။ နောက် မလာကြတော့ပါဘူးလို့လည်း ကတိပေးကြရပါတယ်။
ကျနော်တို့အခုလို တောင်းကြရမ်းကြတာကို အဒေါ်တွေ အစ်မတွေက အစတော့မယုံပါဘူး။ ကျနော်က အစ်မတို့ ခြင်္သေ့ကြီးအောက် ဖိနပ်ချွတ်မယ်လုပ်တော့ ခြေထောက်ကို ထဘီကို လက်နဲ့ မဆွဲမိရုံ ပြောဆိုတောင်းတော့ အစ်မတို့ပဲ လန့်ပြီးအမြန်သွားကြ ပါးစပ်က ပြစ်တင်ဆဲဆို သွားတဲ့ အကြောင်းပြောမှ သူတို့လည်း အံ့သြနေကြပါတယ်။ ဖခင်ကတော့ ပြုံးပြီးနာထောင်ပါတယ်။ မိခင်ကတော့ နောက်ကို မလုပ်ဖို့ ဆုံးမပါတယ်။
ကျနော်တို့အဲဒီမှာ အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်တချို့ ရခဲ့ကြပါတယ်။ တကယ်တော့ အဲဒီဘုရားပွဲမှာ သူတောင်းစားအဖွဲ့တွေက ပုလိပ်နဲ့ ဂေါပကအဖွဲ့ဆီမှာ တောင်းစားခွင့်လေလံ ဆွဲကြရတာပဲဗျ။ လေလံနိုင်တဲ့အဖွဲ့က ဘုရားပွဲကာလတလျှောက်လုံး သူတို့သူတောင်းစားတဖွဲ့ထဲပဲ တောင်းခွင့်ရကြတာလေ။ သူတို့အဖွဲ့ဝင်မဟုတ်ရင် ဘယ်သူတောင်းစားမှ ဝင်တောင်းခွင့်မရှိဘူးဗျ။ အဲ တောင်းစားခွင့်လေလံက တရားဝင် လူသိရှင်ကြားလေလံတော့ မဟုတ်ဘူးပေါ့ဗျ။ ဒုစရိုက်လောက အမှောင်အောက်က လေလံပေါ့လေ။
ကျနော်တို့ အရိုက်မခံလိုက်ရတာ တော်တော်ကံကောင်းတယ်လို့ပြောရမယ်ပေါ့နော။
ငြိမ်းဝေ











