DVB Logo
Home
မြန်မာသတင်း
ရေး ၃၁၇ အမြောက်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်၊ တနင်္သာရီတွင် စစ်ကောင်စီ တပ် တိုက်ခိုက်ခံရ
DVB
·
February 24, 2023
ရေး ၃၁၇ အမြောက်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်၊ တနင်္သာရီတွင် စစ်ကောင်စီ တပ် တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းဘက်ကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီကျော်က စစ်ကောင်စီ ၃၁၇ အမြောက်တပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည် ၃ လုံးဟာ လိမ္မော်ခြံဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး မီးစက်ရုံထိမှန်ပျက်စီးကာ လိမ္မော်ခြံရွာရှိ ဆေးခန်းတခြမ်းလည်း ထိခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

“အခုပစ်တာက ဘာတိုက်ပွဲမှလည်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်နေတာ။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒီနေ့အထိ လက်နက်ကြီးထိမှန် သေဆုံးသူ ၃ ယောက်လောက်ရှိနေပြီး စစ်ကောင်စီဘက်က မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်” လို့ ဒေသခံတွေက ပြောပါတယ်။

အခုရက်ပိုင်း ရေးမြောက်ပိုင်းဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာနေလို့ စစ်ရေးတင်းမာလာနိုင်တဲ့ အခြေအနေ ရှိနေပြီး လက်ရှိအထိတော့ ထိတွေ့တိုက်ပွဲ မရှိသေးပါဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာထားပြီး ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တချို့ ဖမ်းဆီးခံထားရသလို ရေးမြို့နယ်မှာ ဒီနေ့အထိ PDF လို့ စွပ်စွဲသတ်ဖြတ်ခံထားရသူ ၄ ယောက်ထက်မနည်း ရှိပါတယ်။

ရေးမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား နှစ်ဖက်ထိတွေ့မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး များပြားနေပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ သမုတ်ချုံကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ကမ်းမလိုင်းတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တိုက်ပွဲဝင် ရဲဘော်တဦးက “ကျနော်တို့က ပြောက်ကျားစနစ်နဲ့ ၅ ယောက် သွားပစ်တာပါ။ ကျနော်တို့ဘက်က အထိအခိုက်တော့ မရှိပါဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ မိနစ် ၂၀ ခန့်ကြာပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

“ကျနော်တို့ဘက်က စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်နေချိန်မှာ ဒေသခံပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့နဲ့ စစ်ရေးသတိရှိဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံပါတယ်” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲကို မြိတ်ခရိုင် တပ်ခွဲ-၂ နဲ့ တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း တနင်္သာရီမြို့နယ်၊ တုံးဗျောကြီးကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ MA3 အမျိုးအစား သေနတ်တလက် ရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013