DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်ငွေဖြင့် တိုက်ရိုက်အသုံးပြုခွင့်ရသဖြင့် ကုန်သည်များ အဆင်ပြေ
DVB
·
February 22, 2023
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်ငွေဖြင့် တိုက်ရိုက်အသုံးပြုခွင့်ရသဖြင့် ကုန်သည်များ အဆင်ပြေ
Donate to DVB

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံသုံး ယွမ် ငွေကြေးနဲ့ တိုက်ရိုက်ပေးဆောင်ခွင့် ပေးထားတဲ့အတွက် အရင်ကလို အလုပ်မရှုပ်တော့ဘူးလို့ မူဆယ်နယ်စပ်ကုန်သည်ကြီးတွေက ပြောပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်အတွက် လိုင်စင်လျှောက်ထားတဲ့အခါ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ တရုတ်နိုင်ငံသုံး ယွမ်ငွေကြေးနဲ့ တိုက်ရိုက်ပေးဆောင်ခွင့် ပေးထားတာကြောင့် ဒီစနစ်က ကုန်သည်တွေအတွက် အဆင်ပြေစေတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်ကြီး တဦးက အခုလို သုံးသပ်ပြောပါတယ်။

“တရုတ်နယ်စပ်မှာ ရောင်းဝယ်တဲ့အခါ တရုတ် ယွမ်ငွေပဲ ရတယ်။ ဒေါ်လာ မရဘူး။ ဒါပေမဲ့ အရင်က ဘယ်လိုလဲဆိုတော့ လိုင်စင် လျှောက်တဲ့အခါမှာ သတ်မှတ်ဈေးနှုန်းကို ဒေါ်လာနဲ့သတ်မှတ်တယ်။ ဒေါ်လာနဲ့သတ်မှတ်တဲ့အတွက် ကျနော်တို့က တဆင့် ပြန်ခုန်နေရတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ရတာက တရုတ် ယွမ်ငွေနဲ့လေ။ ဒီတော့ ယွမ်ငွေ ကို ဒေါ်လာနဲ့ ပြန်လဲ ရတယ်။ ဒေါ်လာနဲ့ လဲပြီးတော့ ၂ ရာခိုင်နှုန်း အခွန် ပြန်ဆောင်ရတယ်။ ဒါပေမဲ့ အရောင်းအဝယ်လုပ်တာက တရုတ်နယ်စပ်မှာ လုပ်တာဖြစ်လို့ တရုတ်က ဒေါ်လာမပေးဘူး။ ယွမ်နဲ့ပဲ ပေးတာ။ အဲ့ဒါကြောင့် ကျနော်တို့က တဆင့် ပြန်ခုန်နေရတာ။ အခုတော့ ဒေါ်လာလိုမျိုး တဆင့် ပြန်ခုန်စရာ မလိုတော့ဘူး။ ယွမ်နဲ့ပဲ သတ်မှတ်ပေးထားတာကြောင့် ကျနော်တို့ ရတဲ့ ပိုက်ဆံ ကို ဘဏ်မှာ သွင်းတယ်။ ဘဏ်ကနေ ဒီနေ့ ပေါက်ဈေးနဲ့ ပြန်လဲပြီး သွင်းလို့ ရတယ်။ ဒေါ်လာနဲ့ သတ်မှတ်ထားတုန်းက အဲ့လို မဟုတ်ဘူး။ လုပ်ရတာ ရှုပ်တယ်၊ ပေရှည်တယ်။ ဒေါ်လာ အတွက် ၆ ဒသမ ၇၉ နဲ့ လွှဲရပြီး ပြန်ခုန် နေရတယ်။ အခုတော့ ယွမ်နဲ့ တိုက်ရိုက် ဆိုတော့ ကျနော်တို့ ကုန်သည်တွေကတော့ ကြိုက်တယ်။ တခြား သူ တွေတော့ မသိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလားတူ မူဆယ်အခြေစ်ိုက် ကုန်စည်ပို့ဆောင်လုပ်ငန်းရှင်တဦးကလဲ ဒေါ်လာနဲ့သတ်မှတ်ပြီး ပေးချေတဲ့အခါ ရလာတဲ့ အမြတ်ကို ပေးလိုက်ရတဲ့အပြင် အရှုံးနဲ့ပါ ကြုံခဲ့ရတာကြောင့် မကြိုက်ဘူးလို့ ဆိုပါတယ်။

“ဒေါ်လာ နဲ့ သတ်မှတ်ပြီး လုပ်ရတုန်းက ကျနော်တို့က Visa Card နဲ့ ချေတာပေါ့။ အဲ့လို ကတ်နဲ့ ငွေပေးချေတဲ့နေရာမှာ ဘာတွေ့ရလဲဆိုတော့ သူတို့ သတ်မှတ်ထားတာက အမေရိကန် ၁ ဒေါ်လာ ကို မြန်မာငွေ ၂၁၀၀ ကျပ်နှုန်း ဆိုပေမဲ့ Commercial fee ၊ Supplier fee ပြီးတော့ ဘာကြေး ညာကြေး ဆိုပြီး ဖျက်ချလိုက်တာ ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျနော်တို့ အလုပ်လုပ်လို့ ရတာမှ ၅ ရာခိုင်နှုန်းလောက် ရတာကိုဗျာ။ အဲ့တော့ ဘယ်လိုဖြစ်နေလဲဆို သူတို့ကို လုပ်ကျွေး ပေးနေသလို ဖြစ်နေတဲ့အပြင် ကျနော်တို့က ရှုံးတောင် ရှုံးနေတာ။ ပိုဆိုးတာက သူက Transaction အတွက် History ကို ၂၄ နာရီ တခါတလေ ၄၈ နာရီ ကျော်မှ ပြတာလေ။ အဲ့တော့မှ ကျနော်တို့က ဒီလောက် ဖျက်သွားတာလားဆိုပြီး သိရတာနော်။  အဲ့ဒီ့ ရာခိုင်နှုန်းတွေကို ကျနော်တို့က ထည့်မတွက်မိတဲ့အတွက် အရှုံးတွေ ပေါ်ကုန်တာ။ ဒါကြောင့် အဲ့စနစ်က ကျနော်တို့ အတွက် လုံးဝ အဆင်မပြေဘူး။ အခု ယွမ်နဲ့ပြောင်းသုံးတဲ့အခါ ကျနော်တို့အတွက်က ရှင်းတယ်။ ဘာမှ ထိခိုက် နစ်နာဆုံးရှုံးမှု မရှိတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် ဒီကနေ့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံသုံး ယွမ်ငွေကြေးဟာ ၁ ယွမ်ကို မြန်မာငွေ ၄၂၅ ကျပ် နဲ့ အရောင်းအဝယ် ရှိနေပြီး ယွမ်ငွေတန်ဖိုးဟာ ပြီးခဲ့တဲ့ရက်ပိုင်းနဲ့ယှဉ်ရင် အနည်းငယ် တက်လာပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏ ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိတာကြောင့် အရေးပါတဲ့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013