DVB Logo
Home
မြန်မာသတင်း
ရေတပ်ဦးစီးချုပ်၊ ရဲချုပ်နဲ့ လက်နက်ပွဲစားတွေအပါအဝင် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုကို အီးယူက ပိတ်ဆို့ဒဏ်ခတ်
DVB
·
February 21, 2023
ရေတပ်ဦးစီးချုပ်၊ ရဲချုပ်နဲ့ လက်နက်ပွဲစားတွေအပါအဝင် လူပုဂ္ဂိုလ် ၉  ဦးနှင့် အဖွဲ့အစည်း ၇  ခုကို အီးယူက ပိတ်ဆို့ဒဏ်ခတ်
Donate to DVB

မြန်မာရေတပ်ဦးစီးချုပ်၊ ရဲချုပ်နဲ့ လက်နက်ပွဲစားတွေ၊ ကုမ္ပဏီတွေအပါအဝင် မြန်မာအာဏာသိမ်း  အကြမ်းဖက်စစ်တပ်ရဲ့ ဒေါက်တိုင် လူပုဂ္ဂိုလ် ၉  ဦးနဲ့  အဖွဲ့အစည်း ၇ ခုအပေါ် ဥရောပကောင်စီအနေနဲ့ ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က ဖေဖော်ဝါရီ ၂၀ ရက်မှာ ကြေညာပါတယ်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေမြင့်တက်လာတာ၊ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့တည်ငြိမ်ရေးတို့အတွက် ခြိမ်းခြောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် အခုလို ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ပိတ်ဆို့ဒဏ်ခတ်ခံရသူတွေထဲမှာ  မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးနေတဲ့ MCM ကုမ္ပဏီ ဥက္ကဋ္ဌ လှိုင်ဦး၊ စစ်တိုင်းအောင်၊ Sky Aviator ကုမ္ပဏီက ကျော်မင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး  ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်တိုင်းစီးပွားရေးရာဝန်ကြီး စစ်ကောင်စီဝင် မျိုးမြင့်အောင်၊ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နဲ့ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် လက်နက်ဝယ်ပေးနေတဲ့ အဖွဲ့အစည်း ၃ ဖွဲ့၊ လက်နက်ပွဲစားကုမ္ပဏီတွေဖြစ်တဲ့  Dynasty ကုမ္ပဏီအုပ်စု၊ International Gateways  (IGG) ကုမ္ပဏီအုပ်စုနဲ့  Sky Aviator  ကုမ္ပဏီအုပ်စုတို့အပြင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးတို့ကိုလည်း ပိတ်ဆို့ ဒဏ်ခတ်စာရင်းမှာထည့်သွင်းလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က အသက် ၂၀ အရွယ် မြသွဲ့သွဲ့ခိုင်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲအတွင်း ပစ်သတ်ခံခဲ့ရပြီး  စစ်တပ်ရဲ့ ဒီမိုကရေစီစနစ်ကို ဖိနှိပ်ချုပ်ချယ်ရာမှာ ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ လူ့အသက်ပေါင်းများစွာအနက်က  ပထမဦးဆုံးကြောင်းနဲ့ ဒီနေ့မှာ ဥရောပသမဂ္ဂဟာ မြန်မာစစ်အုပ်စုကို   ဆဋ္ဌမအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုတွေ သဘောတူ ချမှတ်လိုက်တာလို့ အီးယူထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့ခံရသူတွေထဲမှာ စစ်ကောင်စီခန့်စွမ်းအင်ဝန်ကြီးနဲ့   စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို လက်နက်ကိရိယာတွေ၊ စစ်ဖက် - အရပ်ဖက် နှစ်သွယ်သုံးပစ္စည်းတွေ၊ နည်းပညာတွေ ပံ့ပိုးပေးနေတဲ့ ထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေ၊  စစ်အစိုးရနဲ့ အနီးကပ် ဆက်စပ်နေတဲ့ မြန်မာစစ်တပ်က အဆင့်မြင့်အရာရှိတွေ ပါဝင်တာဖြစ်ပါတယ်။ 

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်က ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်အပါအဝင်  ဒီမိုကရေစီရေး လှုပ်ရှားသူ လေးဦးအား သေဒဏ်ပေး ကွပ်မျက်ခဲ့တဲ့ ဖြစ်စဥ်မှာ ပါဝင်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စီးနင်းတိုက်ခိုက်မီးရှို့မှုနဲ့ စစ်တပ်က ကျူးလွန်တဲ့ လူသားဒိုင်းတွေ အသုံးပြုရာမှာ  ကြီးကြပ်ဆောင်ရွက်ခဲ့ကြသူတွေပါဝင်သလို ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင် လုပ်ငန်းတစ်ခုအပြင်  စစ်တပ်ကို လောင်စာဆီ၊ လက်နက်နဲ့  ရန်ပုံငွေတွေ ပံ့ပိုးပေးနေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေလည်း ပါဝင်တာဖြစ်ပါတယ်။

အီးယူရဲ့ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ လူပုဂ္ဂိုလ်  စုစုပေါင်း ၉၃ ဦးနဲ့ အဖွဲ့အစည်း ၁၈ ခုအ‌ပေါ် အကျုံးဝင်ပြီး စာရင်းမှာပါဝင်သူတွေရဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ခံရရတာ ခရီးသွားလာခွင့် ပိတ်ပင်ခံရတာ ဥရောပသမဂ္ဂနယ်မြေအတွင်း ဝင်ရောက်တာ၊ ဖြတ်သန်းသွားလာတာကို  တားဆီးထားတာတွေ ပါဝင်ပါတယ်။

ဒီအရေးယူမှုဟာ မြန်မာစစ်အာဏာရှင်ကို ဘဏ္ဍာရေးအကူအညီတွေရပ်တန့်တာနဲ့ ဥရောပသမဂ္ဂရဲ့ အကူအညီအားလုံးကို ဆိုင်းငံ့တာတွေကို ထပ်မံအားဖြည့်တာဖြစ်တယ်လို့လည်းဆိုပါတယ်။

ကလေးသူငယ်တွေနဲ့ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေအပါအဝင် အရပ်သားပစ်မှတ်တွေကို အသက်ဆုံးရှုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်းထန်ဆုံးရှုတ်ချကြောင်းနဲ့ အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေနဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်သူတွေဟာ သူတို့ရဲ့ လုပ်ရပ်အတွက် တာဝန်ခံမှု ရှိစေရမယ်လို့ အီးယူက ကြေညာပါတယ်။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများတွေကို အထောက်အပံ့ ဖြစ်စေတဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းချတာ၊ လွှဲပြောင်းတာတွေကို ရပ်တန့်စေဖို့ လက်နက်ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာရဲ့ ကြိုတင်ကာကွယ်မှု လုပ်ငန်းရပ်တွေကို တိုးမြှင့်လုပ်ဆောင်ဖို့၊ မြန်မာစစ်တပ်အနေဲ့ အကြမ်းဖက်တိုက်ခိုက်မှု အားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို အပြည့်အဝ လေးစားလိုက်နာဖို့နဲ့ အာဆီယံ သဘောတူညီမှု ငါးရပ်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့လည်း အီးယူက တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်နဲ့ အပေါင်းပါတွေအပေါ် အီးယူက ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ထပ်မံချမှတ်လိုက်တာကို ကြိုဆိုကြောင်း ဘားမားကမ်ပိန်းယူကေအဖွဲ့က ထုတ်ပြန်လိုက်ပြီး  ဒီထက်ပိုမိုပြီး လုပ်ဆောင်ဖို့လိုတဲ့အကြောင်း၊ အီးယူဟာ မှန်ကန်တဲ့ မူဝါဒကို ချမှတ်လိုက်တာဖြစ်ပေမဲ့ အရမ်းကို နှေးကွေးလွန်းတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်ရဲ့ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်အာဏာရှင်အဖွဲ့ဝင်တွေနဲ့အတူ လက်နက်ပွဲစားတွေ၊ လေယာဉ်ဆီထောက်ပံ့ပေးနေသူတွေ အပေါ် ပစ်မှတ်ထားပြီး အီးယူက ပိတ်ဆို့ဒဏ်ခတ်တဲ့ပေါ် ကြိုဆိုကြောင်း  Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း ထုတ်ပြန်ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ ဝင်ငွေရလမ်းတွေ၊ လက်နက်နဲ့ လေယာဉ်ဆီရလမ်းတွေကို စနစ်တကျ ပိတ်ဆို့ဒဏ်ခတ်မှုတွေ စုပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေပြီး စစ်အာဏာရှင်ရဲ့ နိုင်ငံခြားဝင်ငွေ အများဆုံးကို အဓိကရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို  အီးယူလိုပဲ အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က  ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဆောင်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

PHOTO-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013