
ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်း ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မနက်က ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ မိဖညား ကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံတွေ ထိခိုက်မှု ရှိမရှိကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီနေရာက အာဏာသိမ်းပြီးတဲ့အချိန်တည်းက ဒီနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘဲ စစ်ကောင်စီစစ်ကြောင်းလည်း မရောက်နိုင်တဲ့ရွာဖြစ်ကာ အရင်ကတည်းက ကျေးရွာအနီးနားကို လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့လို့ အိမ်တိုင်း ဗုံးခိုကျင်းတွေ တူးထားဖို့ ရွာလူကြီးက မှာထားတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက တပ်မဟာ ၅ နယ်မြေနဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတည်းမှာတင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၇ ကြိမ် လုပ်ခဲ့တယ်လို ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် မြို့နယ်ထဲရှိ ကျေးရွာတွေက လူငယ်တွေကို အဓိကထား စစ်ဆေးဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရပြီး ၂ ဦးကတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းဖြစ်နေတာကြောင့် ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၁၃ ဦးကိုတော့ ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကော့ကရိတ်မြို့ထဲမှာ နယ်ခြားစောင့်တပ် (BGF) တပ်တွေက စစ်ဆေးရေးလုပ်နေပြီး မသင်္ကာရင် စစ်ကောင်စီလက်ထဲကိုအပ်ကာ အနီးနားကျေးရွာတွေကိုလည်း အကြောင်းမဲ့ ဝင်ရောက်ပြီး ဖမ်းဆီးစစ်ဆေးနေလို့ အပြင်မထွက်ရဲကြတော့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“BGF တွေက မြို့ထဲမှာ ဂိတ်ချပြီး စစ်နေတာ၊ လူငယ်တွေကို အဓိကထားပြီး စစ်တာပေါ့။ သူတို့စစ်လို့ မသင်္ကာရင် စစ်ကောင်စီလက်ထဲအပ်တယ်။ အဲဒါကြောင့် မြို့ထဲကလူတွေလည်း မြို့ပြင်မသွား၊ မြို့ပြင်ကလူတွေလည်း မြို့ထဲမလာကြတော့ဘူး။ မြို့ထဲမှာ လူသွားလူလာတောင် သိပ်မရှိတော့ဘူး။”
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်က မနက်ပိုင်း ဈေးရောင်းဈေးဝယ် လာသူတွေကိုလည်း ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် မြို့ထဲမှာလည်း ကင်းလှည့်စစ်ဆေးနေလို့ ပြည်သူတွေအနေနဲ့ စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။