
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့ထဲမှာ ထိုင်းနိုင်ငံရေးသမားဟောင်းတယောက်ရဲ့ နေအိမ်တွင်း မွေးနေ့ပါတီကျင်းပစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ် ၂၁ ယောက် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ချင်းမိုင်က လူငယ်တချို့ဟာ ပါတီပွဲအကြောင်းပြပြီး လှည့်ပတ်ကာ ဝိုင်းဖွဲ့ မူးယစ်ဆေးဝါး သုံးစွဲလေ့ရှိတယ်၊ အောက်တိုဘာ ၇ ရက်နေ့မှာလည်း ဆန်ဆိုင်းမြို့ ဆန်ဆိုင်းလုံရပ်ကွက်ထဲက နေအိမ်တအိမ်မှာ မွေးနေ့ပါတီလုပ်ပြီး အဲဒီမှာ ဆုံစည်းဖို့ရှိကြောင်း Grab အစားအစာပို့ဆောင်သူ အသွင်ပြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိရတာကြောင့် သွားရောက် စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ထိုင်းမြောက်ပိုင်း တိုင်းဒေသ ၅ ရဲဌာနချုပ်မှ တာဝန်ရှိသူတွေ၊ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေဟာ အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက အဆိုပါနေအိမ်ကို သွားရောက်ရှာဖွေ စစ်ဆေးတာမှာ မူးယစ်ဆေးဝိုင်းဖွဲ့သုံးစွဲတဲ့ လူငယ် ၂၁ ယောက် (အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်) တို့ကို ခေတာမင်း၊ အိုက်စ်၊ အက်တစီ စတဲ့ မူးယစ်ဆေးဝါး အပါအဝင် တခြားမူးယစ်ဆေးဝါးတွေ၊ သုံးစွဲကိရိယာနဲ့ အကြွင်းအကျန်တွေကို သက်သေအဖြစ် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ကနဦးစစ်ဆေးချက်အရ သူတို့တွေဟာ တာဝန်ရှိသူတွေ မရိပ်မိအောင် အဆိုပါ မူးယစ်ဆေးတွေကို ပါဝါဘန့်ခ်အတွင်း လျှပ်စစ်ပိုက်လိုင်းနဲ့ ဆားဗစ်ဘုတ်တွေထုတ်ပြီး မူးယစ်ဆေးတွေ အစားထိုး သိုဝှက်ယူဆောင်လာခဲ့ကြတယ်၊ အဲဒီနောက် ဝိုင်းဖွဲ့သောက်စား ပျော်ပါးကြတာလို့ ဆိုပါတယ်။
အမှတ် ၅ တိုင်းဒေသ ရဲမှူးကြီးက လက်ရှိ မူးယစ်ဆေးဝါးတွေဟာ ပုံစံအမျိုးမျိုး ပြောင်းလဲလာပြီး မူးယစ်ဆေးအမျိုးမျိုးကို ပေါင်းစပ်ဖော်စပ်လာကြတယ်။ စိတ်ကိုပြောင်းလဲစေတဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်းထားတာကြောင့် သုံးစွဲသူတွေကို အပြင်းအထန် မူးယစ်ရူးသွပ်စေပြီး ရေရှည်သုံးစွဲရင် ဦးနှောက်ကို တသက်လုံး ပျက်စီးစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
တာဝန်ရှိသူတွေဟာ ဖမ်းဆီးရမိတဲ့ လူငယ် ၂၁ ယောက်လုံးကို ရဲစခန်းကိုခေါ်ဆောင်ပြီး ကိုယ်တွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ပမာဏတွေ ဆက်လက်စစ်ဆေးနေတယ်၊ ဒါ့အပြင် အဆိုပါနေအိမ်ဟာ နိုင်ငံရေးသမားဟောင်းတယောက်ရဲ့ နေအိမ်ဖြစ်တာကြောင့် ပါဝင်ပတ်သက်မှုတွေ ဆက်လက်စစ်ဆေးနေပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။
Source: MGROnline / CM 108 News











