Home
မြန်မာသတင်း
တာချီလိတ်-မယ်ဆိုင်နယ်စပ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၁ ပြန်ဖွင့်
DVB
·
February 20, 2023
331508379_1197754197535282_1024309863534036346_n

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃ နှစ်ကျော် ပိတ်ထားခဲ့တဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ကြားရှိ အမှတ် - ၁ ချစ်ကြည်ရေးတံတားကို ဖေဖော်ဝါရီ ၂၀ ) ရက် ဒီနေ့မနက်က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

မြန်မာဘက်ခြမ်းမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဦးဆောင်ပြီး သက်ဆိုင်ရာ လဝက၊ အကောက်ခွန်၊ အုပ်ချုပ်ရေးမှူးနဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွေ ပါဝင်တဲ့အဖွဲ့ဟာ ဒီမနက် ၆ နာရီခွဲလောက်က တံတားပေါ်မှာ သံဃာတော် ၅ ပါး ပင့်ဖိတ်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်းအခမ်းအနားပြုလုပ်ပြီး ထိုင်းနိုင်ငံအဝင်ဂိတ်မှာ ထိုင်းဘက်ခြမ်းအာဏာပိုင်တွေနဲ့ လာရောက်ဆုံဆည်းကြပါတယ်။

အလားတူ ထိုင်းဘက်ခြမ်းကလည်း ချင်းရိုင်းခရိုင်ဝန် နိုင်းဆုမ်ဝမ် ဘွန်းလယောင်း ဦးဆောင်တဲ့ လဝက၊ ကျန်းမာရေးဌာန ၊ အကောက်ခွန်စတဲ့  နယ်စပ်ဂိတ်တာဝန်ရှိသူတွေနဲ့အတူ ရောက်လာကာ  မိုးပျံပူးပေါင်းတွေ လွှတ်ပြီး အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။

ထိုင်းဘက်ခြမ်းက သံတံခါးကြီးဖွင့်လိုက်တဲ့အခါ အနီးနားနေပြည်သူတွေက ဝမ်းသာအား ရလက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုလိုက်ပါတယ်။

တံတားဖွင့်ပွဲပြီးပြီးချင်း တာချီလိတ်မှ ထိုင်းဘက်သို့ သွားရောက်လည်ပတ်မယ့်သူတွေကို ယာယီ နယ်စပ်ဖြတ်ကူးလက်မှတ် လုပ်ဆောင်ပေးနေပါတယ်။

နယ်စပ်ဖြတ်မယ့်သူတွေအနေနဲ့ အမျိုးသားမှတ်ပုံတင်ကတ် ( မူရင်း ) ၊ ကိုဗစ် - ၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးကြောင်း အထောက်အထားနဲ့ မိတ္တူ လိုအပ်တယ်လို့ တံတားအနီးရှိနေသူတွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးအထောက်အထားမရှိသူတွေအနေနဲ့ တာချီလိတ်ခရိုင်ဆေးရုံကြီးမှာ ၄၈ နာရီအတွင်း RT-PCR စနစ်နဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရမှာ ဖြစ်ပါတယ်။  

ချစ်ကြည်ရေးတံတားကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိဖွင့်လှစ်မယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် တံတားမပိတ်ခင်ကတော့ တံတားကို မနက် ၆ နာရီခွဲကနေ  ည ၉ နာရီထိ ဖွင့်လှစ်ခဲ့ပါတယ်။ 

တံတားပေါ်ကနေ  သုံးဘီးကား၊ ဆိုင်ကယ်၊ အိမ်စီးကားနဲ့ ကုန်ပစ္စည်းအနည်းငယ်တင်တဲ့ကားတွေ ဖြတ်သန်းခွင့်ပြုပြီး ကုန်တင်ကားကြီးတွေကတော့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေပဲ ဖြတ်ရမယ်လို့ တာချီလိတ်ခရိုင်၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန (ပို့ဆက်) ခရိုင်ဦးစီးမှူးဦးတင်စိုးက တာချီလိတ်မဏ္ဍိုင်ကို ပြောပါတယ်။

ထိုင်းဘက်ခြမ်းက ပြည်သူတွေအနေနဲ့လည်း မြန်မာနိုင်ငံထဲကို ဝင်လာမယ်ဆိုရင် မယ်ဆိုင် မြို့နယ်အုပ်ချုပ်ရေးရုံးမှာ နယ်စပ်ဖြတ်လက်မှတ်ယူပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးတဲ့ အထောက်အထားပြရမယ်လို့ ဆိုပါတယ်။ 

ထိုင်း-မြန်မာ ၂ နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်လာတဲ့နောက် အဆိုပါတံတားကို ၂၀၂၀ ခုနှစ် မတ်လကစပြီး ပိတ်ခဲ့ပေမဲ့ ကုန်ပစ္စည်းတွေကိုတော့ အမှတ် ၂ တံတားကနေ ပို့ဆောင်ခဲ့ကြ ပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024