
၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်ကတည်းက မြန်မာဘက်က အကြောင်းပြချက် မပေးဘဲ ပိတ်ပစ်ခဲ့တဲ့ မြဝတီ - မဲဆောက် ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို မေ ၂၈ ရက် ဒီမနက် ၁၁ နာရီ မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ထိုင်းအကောက်ခွန်အရာရှိက "နှစ်နိုင်ငံဆွေးနွေးပြီး တံတားကို ယာယီဖွင့်လိုက်ပါပြီ။ နှစ်နိုင်ငံ ကုန်စည် ကူးသန်းမှုတွေ ပြန်လည်လည်ပတ်တော့မှာ ဖြစ်တယ်"လို့ ဒီနေ့ မဲဆောက်နယ်စပ် တံတား ဖွင့်ပွဲအထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အခုအခါ ကုန်ကားတွေ အပြန်အလှန် ကူးသန်းဝင်ထွက်နေကြပြီဖြစ်ပြီး မြဝတီဘက်က ပြောင်းဖူး ဆန်ကားတွေ မဲဆောက်ထဲကို ဝင်ရောက်လာနေကြပါပြီ။
အမှတ် ၂ ချစ်ကြည်ရေးတံတားကတဆင့် မြန်မာကနေ ထိုင်းဘက်ကို ပီလောပီနံခြောက်၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီနဲ့ ရေထွက်ငါး စတာတွေကို အဓိကပို့ကုန်အဖြစ် တင်ပို့ပြီး၊ ထိုင်းကနေ မြန်မာဘက်ကို ဆောက်လုပ်ရေးပစ္စည်း၊ အိမ်သုံးပစ္စည်းနဲ့ စားသောက်ကုန်တွေကို အဓိက တင်သွင်း နေတာ ဖြစ်ပါတယ်။
မြဝတီက တိုက်ပွဲတွေကြောင့် တံတားအမှတ် ၂ ကို မကြာခဏ ပိတ်လေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီ ၂၀ ရက်ကလည်း ခလရ ၂၇၅ တပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေက ဝင်တိုက်ခဲ့တာကြောင့် တံတားအမှတ် ၂ ကို ပိတ်ထားခဲ့ဖူးပါတယ်။
အခုအခါမှာလည်း ထိုင်းဘက်က ဝန်ထမ်းအင်အားအပြည့် ဝတ်စုံပြည့်နဲ့ ရှိနေကြပေမဲ့ အမှတ် ၂ တံတား မြန်မာဂိတ်ဘက်မှာတော့ စစ်ကောင်စီတပ်၊ ရဲ၊ လ၀ကနဲ့ အကောက်ခွန်အဖွဲ့တွေက အရပ်ဝတ်တွေနဲ့ စောင့်ဆိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြန်မာဘက်မှာ ဆိုလာလျှပ်စစ်မီးအားကိုသာ သုံးနေကြရလို့ လုပ်ငန်းတွေ နှောင့်နှေး နေကြရပြီး ထိုင်းဘက်က ဖြတ်တောက်ထားတဲ့ လျှပ်စစ်လိုင်းကို ပြန်ဖွင့်ပေးဖို့ အစည်းအဝေးမှာ တောင်းဆိုထားကြောင်း ထိုင်းအရာရှိတယောက်က ပြောပါတယ်။
မြဝတီ - မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၁) ကို ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒီနေ့ ပြန်ဖွင့်တဲ့ ကုန်စည်သာကူးသန်းနိုင်တဲ့ တံတားအမှတ် ၂ ကိုတော့ ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။











