
မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ဆက်ဆံရေးတိုးချဲ့ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် စက်တင်ဘာ ၇ ရက်မှာ ပထမဆုံးလမ်းတံတားကို ဖွင့်လှစ်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဖော်ပြပါတယ်။
ဒီတံတားဟာ တူမန်မြစ်ကို ဖြတ်ကျော် တည်ဆောက်ထားပြီး နှစ်ဖက်စလုံးက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ အရေးကြီးတဲ့ မှတ်တိုင်တခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဒီတံတားဟာ ကိုရီးယားစစ်ပွဲအပြီး ၁၉၅၉ ခုနှစ်မှာ ဖွင့်ခဲ့တဲ့ လက်ရှိ ချစ်ကြည်ရေးတံတားလို့ ခေါ်တဲ့ ရထားလမ်းပါတဲ့ တံတားနားမှာ ရှိပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား တိုက်ရိုက်လေကြောင်းနဲ့ ရထားလမ်းတွေက ရှိနှင့်ပြီးသားပါ။ ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှူစတင်က ဒီတံတားဟာ ခရီးသွားလုပ်ငန်းအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသင့်ပြီး အလုပ်အကိုင်အသစ်တွေကိုလည်း ဖန်တီးပေးသင့်တယ်လို့ ပြောပါတယ်။
ဒေသန္တရအုပ်ချုပ်ရေးမှူး အိုလက်ကိုဇီမျာကိုက တံတားအသစ်ဖွင့်လှစ်တာကို “သမိုင်းဝင်ဖြစ်ရပ်” အဖြစ် ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်မ်အီဆွန်းရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ဆိုဗီယက်တပ်မတော်အရာရှိ ယာကော့ဗ် နိုဗီချန်ကို ကို အစွဲပြုပြီး ဒီတံတားကို နာမည်ပေးခဲ့ပါတယ်။
၁၉၄၆ ခုနှစ် မတ် ၁ ရက်မှာ ပြုံယမ်းမြို့တော်မှာ ကျင်းပတဲ့ စုဝေးပွဲတခုအတွင်း ကင်မ်ဟာ လက်ပစ်ဗုံး တလုံးနဲ့ ပစ်ပေါက်ခံရပြီး နိုဗီချန်ကိုက သူ့ခန္ဓာကိုယ်နဲ့ ကင်မ်ကို ဖုံးအုပ်ထားခဲ့ပါတယ်။
အရာရှိက ဒဏ်ရာအပြင်းအထန် ရခဲ့ပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြတဲ့ တံတားအသစ် တည်ဆောက်ရေးကို ၂၀၂၄ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်အတွင်း သဘောတူခဲ့ပြီးတဲ့နောက် ပြီးခဲ့သည့်နှစ် ဧပြီလမှာ စတင် ဆောက်လုပ်ခဲ့တာပါ။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲ စတင်ချိန်ကစလို့ နှစ်နိုင်ငံ ဆက်ဆံရေးက ပိုခိုင်မာလာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ယူကရိန်းက ရုရှားကို တန်ပြန်ကျူးကျော်မှုကို တွန်းလှန်ဖို့ မြောက်ကိုရီးယားက ရုရှားရဲ့ ကာ့စ်ခ်ဒေသဆီ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။











