DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် တာဝါတိုင်စောင့်စစ်ကောင်စီစခန်း ၂ ခုကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်
DVB
·
February 19, 2023
မုံရွာတွင် တာဝါတိုင်စောင့်စစ်ကောင်စီစခန်း ၂ ခုကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျောက်ကြီးတောင်နဲ့ ဗောဓိတထောင်တောင်တွေပေါ်က တာဝါတိုင်စောင့်စစ်ကောင်စီအထိုင်စခန်း နှစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း MPDF က ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

“ကျနော်တို့ မုံရွာဆိုတာက နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) အခြေစိုက်တယ်။ ဒီလိုအခြေစိုက်တဲ့နေရာမှာတောင် ကျနော်တို့ ရဲဘော်တွေ သူတို့စခန်းကို ဝင်သိမ်းနိုင်တယ်ဆိုတာ ပြည်သူကို ချပြနိုင်အောင်နဲ့ စကစတွေကို ချေမှုန်းတိုက်ခိုက်တဲ့အနေနဲ့ သိမ်းခဲ့တာပါ” လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ တာဝန်ခံ ဗိုလ်အောင်ကျော်က ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့၊ မနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်က ဒီစခန်းနှစ်ခုကို တပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်ကြီးတောင်တောင်ပေါ်ရှိ စစ်ကောင်စီစခန်းကိုတော့ မီးရှို့ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းစောင့်စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရမှုလည်းရှိခဲ့ပြီး ကျောက်ကြီးတောင်စခန်းက သုံးယောက်၊ ဗောဓိတထောင်စခန်းက လေးယောက်၊ စုစုပေါင်းစစ်ကောင်စီတပ်သား ခုနစ်ယောက် သေဆုံးခဲ့ကြောင်း ထောက်လှမ်းရေးသတင်းတွေနဲ့ မျက်မြင်သက်သေတွေရဲ့ အတည်ပြုချက်အရ သိရတယ်လို့ ဗိုလ်အောင်ကျော်က ဆိုပါတယ်။ 

“ဒီစခန်းတွေနားမှာ ပြည်သူတွေ အသုံးပြုနေတဲ့ လမ်းရှိတယ်။ ဒီလမ်းပေါ်မှာ သွားလာနေတဲ့ ပြည်သူတွေကို ငွေညစ်တောင်းခံတာတွေ၊ ပါလာတဲ့ ပစ္စည်းတွေကို အကြမ်းဖက်သိမ်းယူတာတွေလုပ်တယ်ပေါ့။ နောက် မြင်းမူတို့၊ အရာတော်တို့ဘက် စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကြောင်းတွေက အဲ့ဒီစခန်းတွေမှာ နားတာပေါ့။ လက်ရှိမှာတော့ ကျောက်ကြီးတောင်စခန်းက မီးရှို့ဖျက်ဆီးခံလိုက်ရလို့ မရှိတော့ဘူး။ ဗောဓိတထောင်တောင်က စခန်းကတော့ အင်အားဖြည့်တာတွေဘာတွေလုပ်ပြီး ဆက်ထိုင်နေသေးတယ်” လို့ ဗိုလ်အောင်ကျော်က ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ မုံရွာခရိုင်အမှတ် (၁) တပ်ရင်း၊ MPDF၊ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖတို့ ပူးပေါင်းစီးနင်းပစ်ခတ်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013