DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ် နေအိမ်များကို စစ်တပ်ကမီးရှို့၊ တုံးဗျောကျေးရွာ စစ်တပ်ကင်းစခန်းကို PDF တိုက်ခိုက်
DVB
·
February 18, 2023
ပုလောမြို့နယ် နေအိမ်များကို စစ်တပ်ကမီးရှို့၊ တုံးဗျောကျေးရွာ စစ်တပ်ကင်းစခန်းကို PDF တိုက်ခိုက်
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၁၂ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်က ကျေးရွာထဲရှိ နေအိမ်တွေကို လာရောက်မီးရှို့ခဲ့တာလို့ သိရပြီး နေအိမ်တချို့ မီးလောင်ပျက်စီးကာ ဒေသခံပြည်သူတွေမှာလည်း နီးစပ်ရာ လယ်ကွင်း‌ဒေသတချို့ကို တိမ်းရှောင်ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "ဒီကောင်တွေလုပ်နေကြအတိုင်းပဲ့ပေါ့၊ ရွာကအိမ်တွေကို မီးရှို့မယ်၊ ကြွက်မနိင် ကျီမီးရှို့တာပေါ့လေ။ ခုလည်း နေအိမ်တွေ မီးလာရှို့ပြီး ရွာသားတွေကို ကြောက်အောင် ခြောက်ပြ‌လိုက်တာပါ" လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးတာကြောင့် ကျေးရွာကလူနေအိမ်တချို့ မီးလောင်ပျက်ဆီးသွားပြီး ရွာသားတချို့ နီးစပ်ရာနေရာတွေကို ထွက်ပြေးကြရာမှာ နေထိုင်ဖို့ ခက်ခဲ့တာကြောင့် တချို့ အရဲစွန့်ပြီး ပြန်လည်ဝင်ရောက်‌ နေထိုင်ကြတာလည်း ရှိတယ်လို့ သိရပါတယ်။

"နေအိမ် ၁ မီးရှို့ခံရတယ်လို့တော့ကြားတယ်။ နောက်ထပ်တခြား အိမ်တွေ မီးလောင်သေးလားတော့ မသိသေးဘူး၊ ရွာသားတွေ အခု ရွာနဲ့အနီးအနားမှာ နေနေရတယ်၊ သူတို့‌နေတဲ့ နေရာ‌တွေမှာအဆင်မပြေကြဘူးဖြစ်နေတယ်။ အဆင်မပြေလို့ ကိုယ့်အိမ်ကို ပြန်သွားနေတဲ့သူတွေလည်းရှိနေတယ်။ အဝတ်စားတွေ စားစရာတွေဆို အသက်စွန့်ပြီး ပြန်လာယူရတာမျိုးပေါ့။ လမ်းမကို ဖြတ်ပြီးမှ ရွာထဲဝင်ရတော့ လက်နက်အသံတွေငြိမ်မှ လာရတာပါ။ ကျန်းမာရေးမကောင်းလို့ လမ်းမလျှောက်နိုင်တဲ့သူမျိုးရှိရင်လည်း မိသားစုဝင်တွေက မပြောင်းကြဘူး၊ ရွာမှာပဲ့နေနေရတယ်" လို့ဒေသခံတဦးက ပြောပါတယ်။

ဒ့ါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကဒဲကျေးရွာမှာ စစ်ကောင်စီက‌ လူနေအိမ်များစွာကို မီးရှို့ဖျက်‌ဆီးခဲ့တဲ့အပြင် တိုက်ပွဲကြောင့် ပြည်သူ ၂ဝဝဝ အထိ စစ်ရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေးသတ်မှတ်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုပြင်းထန်လာပြီးတော့ ဒေသခံပြည်သူ ၁ဝဝဝဝ ကျော် ထွက်ပြေးတိမ်းရှောင်‌နေရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ တုံးဗျောကျေးရွာက စစ်ကောင်စီကင်းစခန်းတခုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ် ရေးတပ်မတော်(မြိတ်ခရိုင်) က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် မနက် ၅ နာရီကျော်က တုံးဗျောကြီးရွာ လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီ ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  သေနတ် ၁ လက် သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "ဒီနေ့ တုံးဗျောကြီးရွာရဲ့ လမ်းဆုံက စစ်တပ်ကင်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေ သွားပစ်တာပါ။ သေနတ် ၁ လက်လည်း သိမ်းဆည်းရတယ်" လို့ ပြောပါတယ်။

အခုလို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မနက် ၇ နာရီကျော်လောက်မှာ စစ်တပ်က ‌လက်နက်ကြီးနဲ့  ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ တဦးက "အစောကြီးတည်းက လက်နက်ကြီးတွေနဲ့ ကတုံးဗျောငယ်ရွာ ဘုရားစေတီကနေ တုံးဗျောကြီးရွာ ဘက်ကို ပစ်နေတာပါ။ တုံးဗျောကြီးရွာက ဗမာစုနေအိမ် ၁ လုံး မီးလောင် သွားတယ်တဲ့။ လူတွေတော့ ထိခိုက်မှု မရှိဘူး"လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာမှာ စစ်ကောင်စီယာဉ်တန်းနဲ့ ကော်သူလေးအာမိ ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013