DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ်၌ စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့၊ ထားဝယ်တွင် ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ
DVB
·
February 17, 2023
ပုလောမြို့နယ်၌ စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့၊ ထားဝယ်တွင် ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာမှာ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က လူနေနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလာပြီး မနက်ပိုင်းမှာ ရွာဝင်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“ကဒဲက မိန်းလမ်းမကြီးက မဟုတ်လို့ ဘယ်သူ့အိမ်ပါသွားမှန်းတောင် မသိဘူးဖြစ်နေတယ်။ ကျနော်တို့ မီးခိုးတွေတော့ မြင်ရတယ်။ ရွာသားတွေအားလုံးနီးပါး ထွက်ပြေးနေကြရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

နီးစပ်ရာ ဒေသခံတဦးကလည်း “ရွာသားတွေရဲ့အိမ်ကို မီးပဲပတ်ရှို့နေတော့ ဘာပြောရမှန်းတောင် မသိဘူး။ စခတွေက ကဒဲကိုတော့ မျက်စိကျနေတာကြာပြီ။ သူတို့ဘက်က ဝင်လို့မရလို့။ အခု အခွင့်ကောင်းတာနဲ့ ဝင်လုပ်တာဖြစ်မယ်” လို့  ပြောပါတယ်။

ကဒဲဒေသခံ ၂,၀၀၀ နီးပါးလောက် နီးစပ်ရာတောတောင်တွေနဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကဒဲကျေးရွာအတွင်းရှိ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာတော့ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရမ္မဇူရွာက အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တဦး ခြေထောက်ထိမှန်ပြီး ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လက်နက်ကြီးထိသွားတဲ့ အကြောင်းက ကြားရပါတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။ စစ်ကြောင်းက ကျောက်မဲတောင်ရဲစခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်း ဖြစ်တယ်” လို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ထားဝယ်ခရိုင်၊ ထားဝယ်-ထီးခီး ကားလမ်းပိုင်းမှာလည်း ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက မေတ္တာမြို့နယ် ကျောက်မဲတောင်ရဲစခန်းကနေ ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းရဲ့ ပွိုင့်ကားကို အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (EDF) က မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ၁ ဦးထက်မနည်း သေဆုံးကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းပြန်ထွက်လာတဲ့ လမ်းကြောင်းတလျှောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားရာ လမ်းပိုင်းရှိ ဒေသခံရွာသားတဦးက “စစ်ကြောင်းသွားနေတဲ့တလမ်းလုံး လက်နက်ကြီးသံ လေးငါးချက်လောက်ကြားလိုက်၊ လက်နက်သံတွေကြားလိုက်နဲ့ ထွက်သွားတာပဲ” လို့ ပြောပါတယ်။

ထားဝယ်-ထီးခီး လမ်းပိုင်းကို ဥသြစစ်ကြောင်းက စစ်ရေးသတိရှိဖို့ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပြီး စစ်ကောင်စီနဲ့ ကော်သူးလေအာမီကလည်း လမ်းပိုင်းသွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာပဲ ထားဝယ်-ထီးခီး ကားလမ်းပိုင်းမှာရှိတဲ့ ပကာရီရဲကင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန်ထိတွေ့မှု ဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးမှာ ထိခိုက်ကျဆုံးမှု ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013