DVB Logo
Home
Lead Story
မင်းအောင်လှိုင်တို့ လုပ်သမျှ ဘာတခုမှ တရားမဝင်
DVB
·
February 17, 2023
မင်းအောင်လှိုင်တို့ လုပ်သမျှ ဘာတခုမှ တရားမဝင်
Donate to DVB

မကြာသေးမီက မင်းအောင်လှိုင်တို့ အကြမ်းဖက်အဖွဲ့က မာရှယ်လော ထုတ်ပြန်ကြေညာခဲ့သည်။ ထိုနည်းတူ လာမယ့် သြဂုတ်လတွင်လည်း ဒင်းတို့အဖွဲ့က ရွေးကောက်ပွဲကျင်းပပေးဦးမည် ဆိုသည်။ စင်စစ် မာရှယ်လောပဲထုတ်ထုတ်၊ ရွေးကောက်ပွဲပဲလုပ်လုပ် ဒင်းတို့တွင် လုပ်ပိုင်ခွင့်မရှိ။ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထား​ကြသောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့၏ ဘုရားရှိခိုးသဖွယ်၊ ဂါထာမန္တရားသဖွယ်ဖြစ်သော သူတို့ကိုယ်တိုင်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေအရပင် တရားမဝင်တော့၍ ဖြစ်ပါသည်။ ၂၀၀၈ အခြေခံဥပဒေအကြောင်း မပြောချင်သည့်တိုင် ပြောရပါဦးမည်။

၂၀၀၈ ခြေဥဆိုတာ

၁၉၈၈ အရေးအခင်းပြီးနောက် စစ်တပ်အမည်ခံအဖွဲ့က နိုင်ငံတော်ကို အာဏာသိမ်းယူလိုက်သည်။

လွတ်လပ်မျှတ၍ သန့်ရှင်းသော ရွေးကောက်ပွဲကြီးကို ကျင်းပပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်၊ စစ်တပ်ဟာ စစ်တန်းလျားကိုပဲ ပြန်မယ်ဆိုသည့် အာမခံ ကတိစကားများနဲ့အတူ ၁၉၈၉ တွင် ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ နောက်တနှစ် ၁၉၉၀ တွင် ရွေးကောက်ပွဲကျင်းပရာ ပြည်သူအားလုံး ထောက်ခံမဲပေးသည့် NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ သို့ဖြင့် NLD သည် ပြည်သူရွေးကောက်သည့် အနိုင်ရပါတီ ဖြစ်လာခဲ့သည်။ သို့ပါသော်လည်း ဗြောင်လိမ်ဗြောင်စား စစ်တပ်အမည်ခံအဖွဲ့က သူတို့‌ပြောခဲ့သောစကားကို ရုပ်သိမ်းခဲ့သည်။ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးရမည့် အစား အာဏာလွှဲမပေးသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲရဦးမည်ဆိုကာ မဆီမဆိုင် အကြောင်းပြချက်များဖြင့် အာဏာကို မလိမ့်တပတ် ဆက်လက် သိမ်းယူထားခဲ့သည်။ သို့နှင့် အခြေခံဥပဒေရေးဆွဲရန်ဆိုကာ ၁၉၉၂ တွင် အမျိုးသားညီလာခံတရပ်ကို ကျင်းပခဲ့ပေသည်။

ပြည်သူ့ဆန္ဒ ဘယ်လောက်ပါသလဲ

ဖွဲ့စည်းပုံဥပဒေတရပ် ရေးဆွဲရာတွင် ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီနည်းကျ ရေးဆွဲပြဋ္ဌာန်းရပြီး ကိုယ်လိုသလို တဖက်သတ် ရေးဆွဲပြဋ္ဌာန်း၍မရ။ အကြမ်းဖက် စစ်အုပ်စုကတော့ သူတို့၏ ၂၀၀၈ ခြေဥရေးဆွဲဖို့ အမျိုးသားညီလာခံ ကျင်းပနေချိန် ဥပဒေတရပ် ထုတ်ပြန်လိုက်သည်။ ၁၉၉၆ ဇွန်၇ ရက်နေ့တွင် ၅/၉၆ ဖြင့် “နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ခြင်းမှ ကာကွယ်သည့်ဥပဒေ” ကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ အမျိုးသားညီလာခံက ပြုလုပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များအပေါ် ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်၊ ဟောပြော၊ ရေးသားခြင်း စသည့် ထင်မြင်ယူဆပိုင်ခွင့် ကိစ္စရပ်များကို မည်သည့်နိုင်ငံသားကမှ လုပ်ဆောင်၍မရကြောင်း၊ ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး အနှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဆက်လက်ပြဋ္ဌာန်းထားသည်။

မိမိတို့အတွက် အရေးကြီးသည့် ဖွဲ့စည်းပုံ၊ နောင်တချိန်တွင် ၂၀၀၈ ဟု အမည်တွင်လာမည့် ဖွဲ့စည်းပုံတွင် မြန်မာပြည်သူများ၏ သဘောထားဆန္ဒ၊ အခွင့်အရေး မည်မျှပါဝင်ခွင့်ရကြောင်း အဆိုပါဥပဒေအရ သိသာထင်ရှားလှပါသည်။ ဤသို့ဖြင့် အကျဉ်းချုံ့ရပါက ၂၀၀၈ ခုနှစ်တွင် ဆန္ဒခံယူပွဲ ပြုလုပ်သည်။ ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ပြည်သူများ ဒုက္ခပင်လယ်ဝေနေရာ ဆန္ဒခံယူပွဲမလုပ်ဖို့ ဝိုင်းဝန်းကန့်ကွက်သည့်ကြားကပင် အတင်းအကျပ်ပြုလုပ်ကာ ၂၀၀၈ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ကြသည်။

ဤသို့ မရမက အတင်းအကျပ်ဖြင့် ပြုလုပ်ပြဋ္ဌာန်းလိုက်သော ၂၀၀၈ အခြေခံဥပဒေ၏ အတွင်းအနှစ်သာရကို ကြည့်လိုက်ပြန်တော့လည်း စစ်တပ်ကပဲ ဦးဆောင်ပြီး နိုင်ငံရေးလုပ်ဖို့၊ ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကိုသာ လွှတ်တော် ၂၅ ရာခိုင်နှုန်းကို အုပ်စီးထားပိုင်ခွင့် ရှိစေဖို့၊ နယ်စပ်ရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေးဌာနအားလုံးကို အရပ်သားအစိုးရအောက်မှာ မထားရှိစေဖို့၊ အရေးပေါ်အခြေအနေဟု အပေါ်ယံလိမ်ညာထားသည့် အာဏာသိမ်းနိုင်သည့် အခြေအနေတရပ် ဖန်တီးထားရှိဖို့ စသည်ဖြင့် ဒီမိုကရေစီမရှိဘဲ စစ်တပ်ဗိုလ်ကျ စိုးမိုးရေးကိုသာ ကျားကန်ပေးထားသည့် အချက်များနှင့် တင်းကြမ်းပြည့်နေသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။

၂၀၀၈ နှင့်ပင်မညီ

ဆိုခဲ့သလို ပြည်သူ့ဆန္ဒ တရွေးသားမှမပါဘဲ စစ်အုပ်စုအလိုကျ အဓမ္မ တဖက်သတ် ရေးဆွဲ အတည်ပြုခဲ့သည့် အခြေခံဥပဒေမှာ ၂၀၀၈ ခြေဥပင်ဖြစ်သည်။ ဆိုရလျှင် နိုင်ငံရေးကနေ စစ်တပ်အနေနဲ့ တလက်မမှ နောက်မဆုတ်ရအောင်၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် စနစ်တကျ ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံတခုပဲ ဖြစ်ပါသည်။ အံ့သြဖို့ကောင်းသည်မှာ မင်းအောင်လှိုင် ဦး​ဆောင်သည့် နိုင်ငံတော်ပုန်ကန်သူများအနေဖြင့် သူတို့ကို ယင်းသို့ အပြည့်အဝ အကာအကွယ်ပေးထားသည့် ၂၀၀၈ ခြေဥအရပင် တရားဝင်မှုမရှိကြောင်း၊ တနည်းဆိုရရင် သူတို့အာဏာသိမ်းခြင်းမှာ ၂၀၀၈ အခြေခံဥပဒေနှင့်ပင် မညီကြောင်း တွေ့ရှိရသည်။ ရှင်းပါမည်။

ပြည်သူတရပ်လုံး လွတ်လပ်မျှတစွာ ရွေးကောက်ထားသည့် အစိုးရကို လက်နက်အားကိုးဖြင့် အာဏာလုခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ တွင် မင်းအောင်လှိုင်တို့အုပ်စုက တိုင်းပြည်တဝန်း ဆူပူသောင်းကျန်းမှုများကြောင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ရသည်ဟု ထုတ်ပြန်ခဲ့သည်။ ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ရသည်ဟု ဆိုသည်။ တကယ်တော့ ၂၀၀၈ ခြေဥအရ အရေးပေါ်အခြေအနေ ကြေညာရမည့် အကြောင်းကို ပုဒ်မ ၄၁၀ တွင်  ဤကဲ့သို့ ပြဋ္ဌာန်းထားသည်။

ပုဒ်မ၄၁ဝ- “တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို  ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။”

ပုဒ်မ ၄၁၀ ကို ပထမဆုံးရှင်းလိုသည်က “အသုံးအနှုန်း” ကိစ္စဖြစ်သည်။ ပုဒ်မ ၄၁၀ တွင် အရေးပေါ်အခြေအနေ “ကြေညာနိုင်သည်” ဟု သုံးနှုန်းထားသည်ကို သတိချပ်စေလိုသည်။ အင်္ဂလိပ်လို ရေးသားထားသည်ကို ကြည့်လိုက်ပြန်တော့လည်း “may promulgate” ဟု ရေးသားထားသည်။ ဥပဒေတွင် may နှင့် shall အသုံးနှစ်ခုရှိရာ may တွင် မဖြစ်မနေ လုပ်ရမည်ဟု သဘောမဆောင်၊ shall ကသာ မဖြစ်မနေလုပ်ရမည့် အဓိပ္ပာယ် သက်ရောက်ပါသည်။ ဒါကြောင့် အရေးပေါ်အခြေအနေကို မဖြစ်မနေ ကြေညာရမှာမျိုးမဟုတ်။ ကြေညာချင်မှ ကြေညာနိုင်ခြင်း ဖြစ်သည်။

ဒုတိယ ရှင်းလင်းလိုသည်မှာ “အရေးပေါ်အခြေအနေ ကြေညာနိုင်သည့် အခြေအနေမျိုး ထိုစဥ်က ရှိ မရှိ” ဟူသည့်အချက်ဖြစ်သည်။ ထိုစဥ် ၂၀၂၀ က ကိုဗစ်ဖြစ်ပွားနေပြီး အရပ်သားအစိုးရ၏ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုကြောင့် ၂၀၂၀ နှစ်ကုန်တွင်ပင် ကိုဗစ်ကန့်သတ်ချက်များကို ဖြေလျှော့ကာ တိုင်းပြည်ကို နဂိုအခြေအနေပြန်ရောက်အောင် ပြင်ဆင်နေချိန်ဖြစ်ပြီး မည်သည့်ဆူပူသောင်းကျန်းမှုမှလည်းမရှိ။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအလွန် ကာလတွင်လည်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မည်သည့် ဆူပူသောင်းကျန်းမှုမှ မတွေ့ရ။ စစ်ကိုင်းတိုင်း ကန့်ဘလူဘက်တွင်သာ ပဋိပက္ခဖြစ်ပွားမှုတချို့ ရှိခဲ့သည်ဟု တွေ့ရသည်။ ဒါကလည်း အရင်းစစ် အမြစ်မြေက ဆိုသလို။ ရွေးကောက်ပွဲ အနိုင်မရသည့် ကြံ့ဖွံ့ထောက်ခံသူများက မင်းသားကြီးမလုပ်ရ၊ ပတ်မကြီးထိုးဖောက်သည့်နှယ် ဒေသခံများအပေါ် မိုက်ရိုင်းရမ်းကားမှုများပဲ ဖြစ်သည်။ ကျန် မည်သည့်နေရပ်ဒေသတွင်မဆို ပုဒ်မ ၄၁၀ ပြဋ္ဌာန်းချက်ပါ အချက်များအရ အုပ်ချုပ်ရေး မတည်ဆောက်နိုင်လောက်အောင် ဆူပူသောင်းကျန်းမှုများ မရှိခဲ့သည်ကို တတိုင်းပြည်လုံးက ပြည်သူများ အသိပါ။ ယုတ်စွအဆုံး ၂၀၁၉ လောက်ကစ၍ လက်နက်ကိုင်တိုက်ပွဲဖြစ်လာသော ရခိုင်ဒေသတွင်ပင် ၂၀၂၀​ ရွေးကောက်ပွဲအလွန်ကာလတွင် မည်သည့်ပဋိပက္ခမှမရှိဘဲ AA နှင့် အကြမ်းဖက်စစ်တပ် အကြား ပစ်ခတ်တိုက်ခတ်မှု ရပ်စဲနေသည်ကို တွေ့ရှိနိုင်သည်။

တတိယ ရှင်းလင်းလိုသည်က ပုဒ်မ ၄၁၀ အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီပဲ ထားဦး။ ကြေညာခွင့်ရှိသူမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပဲ ဖြစ်သည်။ ဦးဝင်းမြင့်ကပဲ ကြေညာပိုင်ခွင့်ရှိသည်။ ယာယီသမ္မတဟု လိမ်ဆင်လုပ်ကာ မြင့်ဆွေဆိုသူက ကြေညာခွင့်မရှိ။

အထက်ပါအချက်များကြောင့် မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်ပုန်ကန်သူများသည် သူတို့ကိုးကွယ်ရာ ၂၀၀၈ ခြေဥပါ အချက်များနှင့်ပင် မညီ။ တရားမဝင်ဟု ဆိုရခြင်းဖြစ်သည်။ ယင်းသို့ တရားမဝင် အာဏာသိမ်းမှုကြောင့် သူတို့ကိုးကွယ်ရာ ၂၀၀၈ ခြေဥသည်လည်း အလိုလို ပျက်သွားပြီဖြစ်သည်။ ၁၉၆၂ အာဏာသိမ်းမှုကြောင့် ၁၉၄၇ ခြေဥ ပျက်သွားသလို ၁၉၈၈ ကြောင့် ၁၉၇၄ ခြေဥလည်း ပျက်သွားခဲ့ရသည့် သာဓကများအတိုင်း ဖြစ်သည်။ ထို့အပြင် Ivor Jennings ဆိုသည့် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပညာရှင်၏ အယူအဆကိုလည်း ဖော်ပြချင်ပါသည်။ Cabinet Government အမည်ရှိ သူ၏စာအုပ်တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ သွယ်ဝိုက်သဘောတူ လက်ခံမှု၊ အတင်းအကျပ်ပြုမှု စသည့် နည်းလမ်းတခုခုဖြင့် မည်သို့ပင် ပြဋ္ဌာန်းထားစေကာမူ စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နှလုံးသည်းပွတ်မှာ ပြည်သူများ၏ စစ်မှန်သည့် သဘောထားသာ ဖြစ်ပေသည်။ ပြည်သူအားလုံးက အဲ့ဒီဖွဲ့စည်းပုံကို သဘောမတူပါက ဖြုတ်ချ၊ ဖျက်သိမ်းနိုင်ခွင့်ရှိသည်” ဟု ဖော်ပြထားပေသည်။

သို့ဖြစ်ရာ မူလဗီဇကတည်းက သန္ဓေလည်းမမှန် ပြည်သူ့ဆန္ဒ တရွေးသားမျှမပါသည့် ၂၀၀၈ ခြေဥသည်လည်း ယနေ့အချိန်တွင် မြန်မာပြည်သူတို့က လက်မခံတော့ပြီဖြစ်ရာ ပျက်ပြယ်သွားပြီဖြစ်သလို ယင်းဥပဒေနဲ့လည်း မညီ၊ နိုင်ငံတော်ပုန်ကန်မှုကိုလည်း ချိုးဖောက်ကျူးလွန်ထားသော မင်းအောင်လှိုင်တို့ အဖွဲ့မှာလည်း မည်သည့် တရားဝင်မှုမှ မရှိတော့ပေ။ ယခု သူတို့ပြုလုပ်နေသော ပြုမူလုပ်ဆောင်ချက်အဝဝမှာ နောင်တချိန် နွေဦးတော်လှန်ရေး အောင်ပွဲရသည့်နောက်ပိုင်း မဖြစ်မနေ တာဝန်ခံရမည့် ရာဇဝတ်မှုများသာဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

နွေဦးဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013