DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်အထိ ထပ်တိုးလာ
DVB
·
February 16, 2023
ပုလောမြို့နယ်တွင် စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်အထိ ထပ်တိုးလာ
1 / 2
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာတွေမှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် နေရတဲ့ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး နေရပ်မပြန်နိုင်ဘဲ အစားအသောက်နဲ့ ဆေးဝါးရိက္ခာ လိုအပ်မှုတွေ ရှိနေတယ်လို့ ‌သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ နောက်ပိုင်းကစပြီး ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာတွေ‌ လုပ်ဆောင်လာတာတဲ့အပြင် တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထား ရှိနေတာကြောင့် ဒေသခံပြည်သူတွေ ပြန်မလာနိုင်ကြသေးတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

“စစ်ဘေးရှောင်တွေ ပြန်မလာနိုင်ကြသေးတာက စကစနဲ့ ဒီဘက် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အင်အားဖြန့်ကြက်ထားလို့ပါ။ နေ့နေ့ညည တိုက်ပွဲဖြစ်လာနိုင်တဲ့ အနေအထား ဖြစ်လာတဲ့အတွက်ပါ။ ပြီးတော့ စကစတွေက တွေ့သမျှလူတွေကို ပစ်သတ်မယ်ဆိုတဲ့ သတင်းတွေ၊ လူမရှိတဲ့အိမ်တွေဆို မီးရှို့ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စကားတွေကြောင့် ကိုယ့်ရပ်ရွာ ကိုယ့်အိမ်ကို မပြန်ရဲကြတော့ စစ်ရှောင်တွေက များလာတာပါ။”

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀,၀၀၀ ကျော်မှာ နီးစပ်ရာ နေရာဒေသတွေမှာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။

“ရွာမှာတော့ အားလုံးပဲ ထွက်ပြေးနေရတာ။ အခက်အခဲကတော့ အခု ရွာဘက်မှာ မိုးရွာနေတော့ တချို့ လယ်ကွင်းမှာ တဲထိုးပြီးနေနေရတဲ့လူတွေအတွက် အဆင်မပြေလောက်ဘူး။ စစ်တပ်ကလည်း ရွာထဲကို လက်နက်ကြီးတွေ ခနခနပစ်နေတာ။ အိမ်တွေလည်း မကြာခန မီးရှို့နေတော့ ပြန်သွားဖို့ မရဲကြတော့ဘူး” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ အိမ်ခြေ ၆ဝဝ ကျော်ရှိတဲ့ တိုကျေးရွာမှာ စစ်ကောင်စီက မီးရှို့ထားတဲ့နေအိမ် ၁၀၀ ကျော်အထိ ရှိလာပြီး လူဦးရေ ၄,ဝဝဝ ကျော် ထွက်ပြေးနေရကာ အလားတူ ရှပ်ပုံကျေးရွာ၊ သင်္ကန်းတောကျေးရွာ၊ တန်းရှင်းကျေးရွာအပြင် တခြားကျေးရွာတွေမှာလည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013