
နော်ဝေနိုင်ငံတောင်ပိုင်း ဒရမ်မန်မြို့အနီးမှာ ဇူလိုင် ၁၇ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် မီးငြှိမ်းသတ်ရခက်ခဲနေပြီးတော့ လူနေအိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အော်စလိုမြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀ လောက်) အကွာမှာရှိတဲ့ အဲဒီ ရပ်ကွက် အိမ်ရာတန်း တခုလုံးမှာ မီးခိုးလုံး အမည်းကြီးတွေ ဖုံးလွှမ်းနေပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ပျောက်ဆုံးသူ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရသေဆုံးသူ တော့ မရှိသေးပါဘူး။
ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဟာ အချိန်နဲ့တပြေးညီ ရောက်ရှိလာပြီး ဒေသခံ ပြည်သူအမြောက်အမြားကို ဘေးလွတ်ရာကို ချက်ချင်း ရွှေ့ပြောင်းပေးထားပါတယ်။
ရုပ်သံမှတ်တမ်းတွေအရ ရဟတ်ယာဉ်တွေနဲ့ သစ်တောအနီးက မီးလောင်နေတဲ့ အိမ်တွေပေါ်ကို ရေတွေ လိုက်လံပက်ဖျန်းနေတာကို တွေ့ရပါတယ်။
မီးဟာ အနီးနားက သစ်တောထဲအထိ ကူးစက်သွားပြီး တောင်ဘက်ကို ဦးတည်ရွေ့လျားနေတဲ့ တောမီးအသွင် ဖြစ်သွားတာကြောင့် လောလောဆယ်အထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ မီးသတ်တာဝန်ခံ ဖရိုဒီပရက်စ်သပ်စ်က ပြောပါတယ်။
လက်ရှိမှာတော့ မီးသတ်တပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး တောင်ဘက်ကနေ ဆီးကြိုပိတ်ဆို့ကာ မြောက်ဘက်ကို ပြန်လှန်ငြှိမ်းသတ်ဖို့ ပြင်ဆင်နေကြပါတယ်။
ဒရမ်မန်မြို့တော်ဝန် ကဂျဲလ် အာနီဟာမန်ဆန်က "မြို့ခံအများကြီး ထိခိုက်ရတဲ့ အခုလို မီးကြီးမျိုးကြောင့် တုန်လှုပ်ရပါတယ်။ ဒါဟာ ဒရမ်မန်မြို့တခုလုံးကို ရိုက်ခတ်တဲ့ မီးကြီးပါ" လို့ ပြောပါတယ်။
လက်ရှိမှာ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ အကျပ်အတည်း စီမံခန့်ခွဲရေးအဖွဲ့ကို ချက်ချင်းဖွဲ့စည်းပြီး အရေးပေါ် လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပါတယ်။
ပြည်သူတွေအနေနဲ့လည်း ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
နော်ဝေနိုင်ငံမှာ လတ်တလော ရာသီဥတုဟာ အလွန်ပူပြင်းပြီး ခြောက်သွေ့နေခဲ့တာကြောင့် လေပြင်းအရှိန်နဲ့အတူ မီးဟာ အိမ်ခြေတတန်းပြီးတတန်း အလွန်မြန်မြန်ဆန်ဆန် ကူးစက်လောင်ကျွမ်းသွားတာလို့ ဆိုပါတယ်။
ဒီမီးဟာ ဘယ်ကနေ ဘယ်လိုစတင်လောင်ကျွမ်းခဲ့လဲ ဆိုတာကိုတော့ လောလောဆယ်အထိ ချက်ချင်း မသိရသေးပါဘူး။










