DVB Logo
Home
မြန်မာသတင်း
ကသာတွင် စစ်တပ်က ရွာမီးရှို့ပြီး မြေမြှုပ်မိုင်းထောင်ထားသဖြင့် ဒေသခံများ အိမ်မပြန်ရဲ
DVB
·
February 15, 2023
ကသာတွင် စစ်တပ်က ရွာမီးရှို့ပြီး မြေမြှုပ်မိုင်းထောင်ထားသဖြင့် ဒေသခံများ အိမ်မပြန်ရဲ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ခြမ်း၊ ရွှေလီမြစ်ရဲ့ တောင်ဘက်ခြမ်းက လှေဘို၊ အင်းကြီး၊ မယ်ငို၊ တက်တူရွယ်နဲ့ သာယာကုန်းကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး မီးရှို့ခဲ့ပြီး ရွာကနေ ပြန်ထွက်သွားတဲ့အချိန် မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ကျေးရွာက ပြည်သူတွေ နေရပ်မပြန်နိင်သေးသလို ရွာကိုပြန်လာဖို့ အခက်အခဲဖြစ်နေကြပါတယ်။

ကသာမြို့နယ် ပ.က.ဖ တာဝန်ခံက “(--)တွေ ဆုတ်သွားတော့ ရွာတွေကို မြေမြှုပ်မိုင်းထောင်ထားခဲ့တယ်။ မနေ့က အင်းကြီးရွာကို ပြန်ကြည့်ဖို့ ပြန်လာတဲ့ ကလေးတယောက် ဆိုင်ကယ်စီးလာရင်း ရွာမှာ မိုင်းထိတယ်။ ဆိုင်ကယ်တော့ တော်တော်လေးပျက်စီးသွားတယ်၊ လူကတော့ ဒဏ်ရာရတယ်။ ပြီးတော့ နွားတကောင်လည်း မိုင်းနင်းမိပြီးတော့ သေသွားတယ်။ အဲလို မိုင်းတွေထောင်ထားတော့ ရွာကိုပြန်ဝင်ဖို့ ခက်နေတယ်။ မီးတွေလည်း ရှို့ခံထားရတယ်။ နေအိမ်တွေ ဘယ်လောက်ရှို့ခံရတယ် ဆိုတာတွေလည်း ရွာကိုသွားမရ‌တော့ မသိနိုင်သေးဘူး။”လို့ ပြောပါတယ်။

မီးရှို့ခံထားရတဲ့ ကျေးရွာတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်ပြီး လုံခြုံစိတ်ချရတဲ့အချိန်မှ ကျေးရွာက ပြည်သူတွေကို ရွာထဲပြန်ဝင်ခိုင်းဖို့ အစီအစဉ်တွေ ပြုလုပ်ထားတယ်လို့လည်း တာဝန်ရှိသူတွေကနေ သိရပါတယ်။ ကျေးရွာကို ပြည်သူတွေ ပြန်မဝင်နိုင်သေးတာဟာ စစ်ကောင်စီ ကင်းပုန်းတွေ ရှိနေနိုင်တာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာ ၅ ရွာမှာ အင်းကြီးနဲ့ လှေဘိုရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ရွာကြီးတွေဖြစ်သလို ကျန်သုံးရွာဟာ အိမ်ခြေ ၁၅၀ ကနေ ၂၀၀ ကြားရှိတဲ့ ရွာတွေဖြစ်ပြီး မီးရှို့ခံရတဲ့ နေအိမ်အတိအကျကိုတော့ မသိရသေးဘူးလို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ခံက ပြောပါတယ်။

“ဒီ အင်းကြီးနဲ့ လှေဘိုရွာက ရွာအကြီးတွေဖြစ်တယ်။ အိမ်ခြေအရေအတွက် များနိုင်တာ ရွာလုံးကျွတ်နီးပါး ရှို့ခံရတာက အင်းကြီးရွာဖြစ်မယ်။ လှေဘိုကတော့ တဝက်ကျော်ကျော် ရှို့ခံရတယ်။ မယ်ငိုနဲ့ တက်တူရွာလည်း ရွာလုံးကျွတ် ရှို့ခံရတယ်လို့ပဲ ကြားသေးတယ်။ အခက်အခဲအမျိုးမျိုးကြောင့် အတိအကျ မသိရသေးဘူး။ အိမ်တချို့တွေကတော့ ခြံဝန်းတွေ ဝေးတော့ မလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေလည်း ရှိတယ်။”

ရွာတွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်း ရွာကနေ ထွက်ခွာသွားခဲ့ပြီး ထီးချိုင့်မြို့နယ်ဘက်ကို စစ်ကြောင်းထိုး ထွက်သွားတယ်လို့ သိရပါတယ်။

ကသာမြို့နယ်က ကျေးရွာတွေဟာ စစ်ကောင်စီ စစ်ကြောင်းထိုးပြီး ရွာထဲဝင်လာတဲ့အချိန် ထွက်ပြေးတိမ်းရှောင်လေ့ရှိကြပြီး စစ်ကြောင်းတွေ ပြန်ထွက်သွားတဲ့အချိန် ရွာတွေကို ပြန်ဝင်လေ့ရှိတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013