DVB Logo
Home
မြန်မာသတင်း
FOEIM နှင့် K4U ကျောင်းတာဝန်ခံများကို အရေးယူမည်ဟု NUG ပညာရေးဝန်ကြီးဌာန ကြေညာ
DVB
·
February 15, 2023
FOEIM နှင့် K4U ကျောင်းတာဝန်ခံများကို အရေးယူမည်ဟု NUG ပညာရေးဝန်ကြီးဌာန ကြေညာ
Donate to DVB

ငွေကြေးအလွဲသုံးစားလုပ်တာနဲ့ ကျောင်းသားတွေရဲ့ အချက်အလက်ပေါက်ကြားခဲ့တဲ့ တော်လှန်ရေးကာလ အွန်လိုင်းပညာရေးကျောင်း ၂ ကျောင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို သက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူမယ်လို့ NUG ပညာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

Free Online Education Institution Myanmar (FOEIM) ကျောင်းကို တည်ထောင်သူဟာ ငွေကျပ် သိန်းပေါင်းထောင်သောင်းချီအလွဲသုံးစားလုပ်တယ်လို့ သူ့ရဲ့ရုံးအဖွဲ့က တိုင်ကြားခဲ့တာဖြစ်ပြီး K4U ကျောင်းကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ အချက်အလက်တွေ ပေါက်ကြားသွားခဲ့တာဖြစ်ပါတယ်။

ဒီကျောင်းတွေရဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက စုံစမ်းရေးအဖွဲ့တွေ ဖွဲ့ပေးခဲ့ပြီး ကြားနာစုံစမ်းရေးအဖွဲ့ရဲ့ အကြံပြုချက်အတိုင်း FOEIM ရဲ့ ပညာသင်ကြားတာ မရပ်တန့်စေရေးအတွက် ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး တည်ထောင်သူ ကိုခန့်သူမှာ တာဝန်ရှိတယ်လို့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ကိုခန့်သူက ဆရာ၊ ဆရာမတွေ ရုံးဝန်ထမ်းတွေကို လစဉ်ပေးရမယ့် Data Support တွေ ဆက်မပေးတာကို တွေ့ရတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးတော့ လုံခြုံရေးမကျိုးပေါက်စေဖို့ ရုံးအဖွဲ့မှာ တာဝန်ရှိကြောင်း တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် လူမှုကွန်ရက်ပေါ်မှာ ကျောင်းသား၊ ကျောင်းသူ တချို့ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ကျောင်းလခတွေကောက်ခံပြီး ဆရာ၊ ဆရာမတွေ Data Support အတွက် တာဝန်မယူတဲ့ ကိုခန့်သူနဲ့ ကျောင်းပညာသင်ကြားရေးကို ပျက်စီးအောင်လုပ်ခဲ့သူအားလုံးကို ပညာရေးဝန်ကြီးဌာနက အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအတိုင်း သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမယ်လို့လည်း ဆိုပါတယ်။

FOEIM ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ စတင်တည်ထောင်တုန်းက အခမဲ့ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လကစလို့ ငွေကြေးကောက်ခံခဲ့ပြီး မူလတန်းတွေဆီကနေ ထိုင်းဘတ် ၃၇၀၀၊ အလယ်တန်းတွေဆီကနေ ထိုင်းဘတ် ၅၁၀၀ နဲ့ အထက်တန်းနဲ့ GED တွေဆီကနေ ထိုင်းဘတ် ၅၅၀၀ စီကောက်ခံခဲ့တယ်လို့ ကြားနာစုံစမ်းရေးအဖွဲ့က ဆိုပါတယ်။

ကျောင်းမှာ ကျောင်းသူ ကျောင်သားပေါင်း ၃၀၀၀၀ ကျော်တက်ရောက်နေပြီး ငွေကြေးစီမံခန့်ခွဲတဲ့အဖွဲ့မရှိဘဲ ကိုခန့်သူတယောက်တည်းက ငွေကို ကိုင်တွယ်ခဲ့တယ် ဆိုတာ စစ်ဆေးတွေ့ရပေမယ့် ပညာရေးဝန်ကြီးဌာနရော ကြားနာစုံစမ်းရေးအဖွဲ့ကပါ ကျောင်းတည်ထောင်သူနဲ့ တိုင်ကြားခဲ့တဲ့ ရုံးအဖွဲ့အပေါ်မှာပါ ပြစ်တင်ထားတာကိုတွေ့ရပါတယ်။

တိုင်ကြားခံရသူ ကိုခန့်သူဟာ ငွေကြေးစာရင်းကို စုံစမ်းရေးအဖွဲ့ဆီ ၃ ကြိမ် တင်ပြရာမှာ ၃ ကြိမ်လုံးကွဲလွဲနေခဲ့တာ တွေ့ရသလို ထွက်ငွေအထောက်အထားတွေ မတင်ပြနိုင်တာကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ငွေကြေးစီမံခန့်ခွဲခွင့်မရှိတဲ့ ရုံးအဖွဲ့ဟာ ဝင်ငွေနဲ့ပတ်သက်လို့ အထောက်အထား သောင်းနဲ့ချီတင်ပြခဲ့ပေမယ့် ထွက်ငွေအထောက်အထားမပြနိုင်တာကို အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ တိုင်ကြားသူရော တိုင်ကြားခံရသူပါ ညှိနှိုင်းရေးကို လက်မခံခဲ့ဘူးလို့လည်း ဆိုပါတယ်။

K4U ကျောင်းနဲ့ပတ်သက်ပြီးတော့ အချက်အလက်ထိန်းသိမ်းတာမှာ အားနည်းတာကို တွေ့ရပြီး စီမံခန့်ခွဲတဲ့ကိစ္စတွေ၊ အချင်းချင်းမပြေလည်တာတွေ၊ ကျောင်းပြင်ပကိစ္စတွေနဲ့ တိုက်ရိုက်ဆက်စပ်နိုင်တယ်လို့ ယူဆပြီး ဖြစ်စဉ်တွေအတွက် ကျောင်းစီမံခန့်ခွဲရေး တာဝန်ရှိသူတွေနဲ့ ရုံးအဖွဲ့မှာ တာဝန်ရှိတာကို တွေ့ရတယ်လို့ ကြားနာရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013