DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ဒူးရင်းခြံတွင် မြန်မာအလုပ်သမား ၂ ဦး အသတ်ခံရ
DVB
·
February 15, 2023
ထိုင်းတောင်ပိုင်း ဒူးရင်းခြံတွင် မြန်မာအလုပ်သမား ၂ ဦး အသတ်ခံရ
Donate to DVB

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ချွန်းဖွန်းမြို့နယ်ရှိ ဒူးရင်းသီးခြံထဲမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်က ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မြန်မာအလုပ်သမားအလောင်း ၂ လောင်းကို တွေ့ရှိတယ်လို့ 3 Plus  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ချွန်းဖွန်းမြို့နယ် ဘန့်နားအုပ်စု နယ်မြေ ၈ ရှိ ဒူးရင်းခြံတခြံမှာ မနေ့ မနက် ၁၀ နာရီလောက်က  လူသေအလောင်းတွေ တွေ့ရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ ချွန်းဖွန်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာဟာ ဖစ်ကဆဲမ်လမ်းမြကြီးရဲ့ အတွင်းပိုင်း ၁၅ ကီလိုမီတာအကွာရှိ တောင်ပေါ်ဒူးရင်းခြံထဲမှာဖြစ်ကြောင်း၊ ခြေတံရှည်ဆောက်လုပ်ထားတဲ့ ခြံအလုပ်သမားတဲအိမ် ဝရံတာမှာ ဓားဒဏ်ရာနဲ့ မှောက်ရက်လဲနေတဲ့ အမျိုးသား အလောင်း ၁ လောင်း၊ ခြံထဲမှာ နောက်ထပ် အမျိုးသား အလောင်း ၁ လောင်း၊ နှစ်ဦးစလုံးမှာ လယ်ပင်းပြတ်လုနီးပါး ဓားခုတ် ခံရတဲ့ ဒဏ်ရာ၊ ဦးခေါင်းမှာ ချွန်ထက်သောအရာနဲ့ ထိုးသွင်းခံထားရတဲ့ ဒဏ်ရာတွေရှိပြီး တဲ အိမ်နားမှာလည်း သွေးစတွေ ပြန့်ကြဲနေတယ်လို့ ဆိုပါတယ်။ 

သွေးစတွေဟာ ခြောက်သွေ့နေပြီဖြစ်တာကြောင့် အခင်းဖြစ်တာ ရက်ပိုင်းခန့်ကြာခဲ့ပြီလို့ ယူဆရ ကြောင်း၊ အိမ်ပေါ်မှာသေဆုံးသူမှာ ပိုက်ဆံအိတ်ကို ခါးမှာပတ်ချိတ်ထားပြီး အထဲမှာ ငွေစအနည်းငယ်နဲ့ ပန်းရောင်အလုပ်သမားကတ်ရှိပြီး အမည် မူလေးမောင် (ထိုင်းအသံထွက်) အသက် ၄၈ နှစ်  မြန်မာနိုင်ငံသားဆိုပြီး ဖော်ပြထားတယ်လို့ ဆိုပါတယ်။ 

ခြံထဲက အလောင်းမှာလည်း ဘတ်ငွေ ၁ ထောင်တန် ၂၄ ရွက် (၂၄၀၀၀ ဘတ်) နဲ့ ပန်းရောင်အလုပ်သမားကတ်ပါရှိတဲ့ အိတ်တလုံးတွေ့ရှိကြောင်း၊ သူ့ရဲ့အမည်မှာ မောင်ခင် အသက် ၅၈ နှစ် မြန်မာနိုင်ငံသားလို့ ဆိုပါတယ်။ 

ဒူးရင်းခြံပိုင်ရှင်ပြောပြချက်အရ ဦးမောင်ခင်ဟာ သူတို့ခြံမှာ အလုပ်လာလုပ်တာ ၃ နှစ်ရှိပြီ ဖြစ်ကြောင်း၊ အရက်မသောက် ဆေးလိပ်မသောက်ဘဲ ကွမ်းသာစားတတ်ပြီး ရိုးသားစွာ အလုပ်ကြိုးစားသူဖြစ်ကြောင်း၊ သူ့မိန်းမနဲ့ ကလေးတွေက မြန်မာပြည်မှာရှိကြောင်း၊ နောက် တယောက်ကိုတော့ တခါပဲ မြင်ဖူးတယ်လို့ ဆိုပါတယ်။ 

မနေ့မနက်ပိုင်းက အလုပ်သမားတယောက်ဟာ ကိစ္စတခုနဲ့ အဲဒီခြံထဲကိုရောက်သွားစဉ် လူသေ အလောင်းတွေတွေ့လို့ ခြံပိုင်ရှင်ကို အကြောင်းကြားပြီး အလုပ်ရှင်ကလည်း ချက်ချင်းလာကြည့်ကာ ရဲကိုအကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။ 

သေဆုံးသူတွေမှာ ငွေတွေရှိပါလျက်နဲ့ ယူမသွားတာကြောင့် လူဆိုးဟာ ဓားပြမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ အငြိုးအတေးကြောင့် ခုလိုရက်စက်စွာ ခုတ်သတ်သွားတာဖြစ်နိုင်တယ်လို့ ရဲက သုံးသပ်ပါတယ်။ 

ဒီမတိုင်ခင်ရှေ့က လူ ၂ ယောက် သူတို့ဆီလာသွားတယ်လို့ မျက်မြင်တွေက ပြောတာကြောင့် အဆိုပါလူ ၂ ယောက်ကို ခေါ်ယူစစ်ဆေးဖို့ စုံစမ်းနေပြီး အမှုမှန်ပေါ်ဖို့  ဆက်လက်ဆောင်ရွက်သွားမယ်လို့ ချွန်းဖွန်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013