DVB Logo
Home
Lead Story
ရေစကြိုနှင့် ဆိပ်ဖြူတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
February 14, 2023
ရေစကြိုနှင့် ဆိပ်ဖြူတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 4
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြိုမြို့ အထက ၁ ကျောင်းရှေ့မှာ ကျောင်းစောင့်တာဝန်ချထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၈ နာရီလောက်မှာ မိုင်း ၁ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေဆုံးနိုင်တဲ့ အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

“စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်သလို မိဘပြည်သူတွေ ပို့သပေးတဲ့ မေတ္တာကြောင့် ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း ဖေဖော်ဝါရီ ၈ ရက် ညက စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၂ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုမြို့မှာပဲ စစ်ကောင်စီရဲ့ အထိုင်စခန်းတခုကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ-Black.Tiger တပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုမြို့ အမှတ် ၄ ရပ်ကွက်က ငြိမ်းဇာနည် စစ်ကောင်စီတပ်စခန်းကို မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ MBT တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစခန်းက စစ်မှုထမ်းဟောင်းအဆောက်အဦဖြစ်ပြီး စစ်(...)၊ ရဲ(...) တပ်စွဲထားတာဗျ။ ကျနော်တို့ဘက်က ညှပ်တိုက်လို့ စခန်းသိမ်းခါနီးမှာ သူတို့ဘက်က စက်ကလေးသမား တယောက်ပဲ ကျန်တဲ့အချိန်မှာ စစ်(...) အင်အား ၁၀၀ ကျော်လောက် စစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာ။”

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ အလောင်းတွေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ဖြူစင်ပရဟိတကားနဲ့ ၃ ခေါက်လောက် သယ်ထုတ်ရတယ်လို့ မျက်မြင်ဒေသခံတွေက သတင်းပေးတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ ကျနော်တို့ဘက်က မြို့ပတ်ပတ်လည်မှာ မိုင်းတွေဆင်ထားပေမဲ့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ မိုင်းမခွဲလိုက်ရတော့ စခန်းမသိမ်းနိုင်ခဲ့တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ပစ်ခတ်သံကြားရင် ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်တယ်။”

အဲဒီတိုက်ခိုက်မှုကို ဗိုလ်ချုပ်အောင်ဆန်း ၁၀၈ နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် မုံရွာခရိုင် တပ်ရင်း-၁၂၊ တပ်ခွဲ-၄ မီးတောက်တပ်ခွဲ၊ ချောင်းဦး ပလဖ၊ Banana UG၊ ခွပ်ဒေါင်းနီ ပြောက်ကျားတပ်၊ VOMDY-Front Warrior တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စက်လှေပေါ်အထိ လိုက်လံပစ်ခတ်ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်ကြားက ပန်းတိုင်းခြုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၂ နာရီလောက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပန်းတိုင်းခြုံကျေးရွာ စာသင်ကျောင်းမှာ တပ်စိပ်နှစ်စိပ်စာ အင်အားနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုအတီးက ပြောပါတယ်။

“ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စခန်းသိမ်းဖို့အထိ ရည်ရွယ်ထားပေမဲ့ ပျူစောထီးတွေ တပ်ကူရောက်လာလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်။ သူတို့ဘက်က သုံးယောက်သေတယ်လို့ မြေပြင်သတင်းအရ သိရတယ်” လို့ ကိုအတီးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၁၅ မိနစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

ထိတွေ့မှုဖြစ်ပွားချိန်မှာ ကျေးရွာအတွင်းက ပြည်သူတဦး လည်ပင်းမှာ လက်နက်ကျည် ထိမှန်ခဲ့ပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၂ ရက် မနက်က စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC ကနေ သိရပါတယ်။

ဆိပ်ဖြူမြို့နယ် ထမ္မကောက်ရွာဘက်ကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး စာသင်ကျောင်းနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၂ ရက် မနက် ၉ နာရီ ၅၀ မိနစ်လောက်က ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း ၇ စင်းနဲ့ ဗုံးသီး ၈ လုံးဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ PPC ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘုန်းလူက ဒီဗွီဘီကို ပြောပါတယ်။

“ဗုံးသီးတွေကတော့ စစ်(...)တွေနဲ့ အနီးဆုံးနေရာတွေမှာ ကျရောက်ပေါက်ကွဲကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးကြတယ်။”

အဲဒီတိုက်ခိုက်မှုကို SPPDF ဗိုလ်မထားတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ်-၁၃ PPDF၊ တိုက်မောင်းအဖွဲ့၊ Dog Hunter UAV Force ဒရုန်းတပ်ခွဲ-၄၊ King Fighter SGF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ်ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013