Home
မြန်မာသတင်း
စစ်ဘေးရှောင်ကလေးငယ်များ ဆန္ဒထုတ်ဖော်၊ စစ်ပွဲကြောင့် ကျောင်းသား ၃၀,၀၀၀ ကျော် ပညာသင်ကြားခွင့်ဆုံးရှုံး
DVB
·
February 14, 2023

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်တခုလုံးမှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်ဘေးကြောင့် အနည်းဆုံး စာသင်ကျောင်းပေါင်း ၁၀၀ ကျော် ပိတ်ခဲ့ရပြီး ကျောင်းသားကျောင်းသူအယောက် ၃၀,၀၀၀ ထက်မနည်း ပညာသင်ကြားခွင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မြန်မာနိုင်ငံ ကလေးသူငယ်များနေ့ကို ခလယ်လွီထူခရိုင် တပ်မဟာ (၃) မှာ ကျင်းပခဲ့ပြီး စစ်ဘေးရှောင် ကလေးသူငယ်တွေက လက်ရှိကြုံ တွေ့နေရတဲ့ အခြေအနေတွေအပေါ် ဆန္ဒထုတ်ဖော်ပြသခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့ကြတာတွေထဲမှာတော့ စစ်ဘေးရှောင် ကလေးသူငယ်တွေအနေနဲ့ တောထဲမှာ မအိပ်လိုတာ၊ ပြည်တွင်းစစ်ကို အလိုမရှိတာ၊ မြန်မာစစ်တပ်ကို ကြောက်ရွံ့တာ၊ ကြောက်ရွံ့စွာ နေထိုင်ရတာ၊ အိမ်ကို မီးရှို့ဖျက်ဆီးခံရတာ၊ ကျောင်းမတက်ရတာ၊ အိမ်ပြန်ချင်တာ၊ လေယာဉ် လာမပစ်စေချင်တာ၊ မိမိတို့ကို မြန်မာစစ်တပ်နဲ့ မခြိမ်းခြောက်စေချင်တာ၊ မြန်မာစစ်တပ်ကို မမြင်ချင်တာ၊ ကလေးသူငယ်အခွင့်အရေးကို အပြည့်အဝ ရယူလိုတာ၊ ကျောင်းတက်ချင်တာ တောထဲတွင် ပုန်းပြီးအိပ်နေရတာ၊ ငြိမ်းချမ်းလွတ်လပ်စွာ နေထိုင်ချင်တာတွေ၊ လက်နက်ကြီးအသံတွေ မကြားချင်တာတွေ စတဲ့ အချက်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ခုလို မြန်မာနိုင်ငံ ကလေးသူငယ်များနေ့ကို စစ်ဘေးရှောင်နေရာမှာ ကျင်းပရတာက ကလေးသူငယ်တွေရဲ့ အခွင့်အရေးကိုချိုးဖောက်ခံရတာတွေ၊ ကလေးသူငယ်တွေ စစ်ဘေးဒဏ် ခံစားနေရတာတွေကို ကမ္ဘာကသိရှိစေဖို့ သူတို့ရဲ့ အသံတွေ အိပ်မက်တွေကို ထုတ်ဖော်ပြသဖို့ဖြစ်တယ်လို့ ကေအန်ယူက ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြားမှာပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024