DVB Logo
Home
Lead Story
အိတ်ကပ်ထဲက ခုန်ထွက်သွားသော ခြင်္သေ့များ
DVB
·
February 14, 2023
အိတ်ကပ်ထဲက ခုန်ထွက်သွားသော ခြင်္သေ့များ
Donate to DVB

“ကြက်သားတွေရမယ်၊ ၉၀၀ စျေးနဲ့ယူနော်”

“ဝက်သားတွေ လျှော့ပေးဦးမယ်နော် အမရေ ဝယ်ပါဦး။”

“ငါးတွေလည်းလတ်တယ်နော်။ တပုံ ၁,၀၀၀ ပဲပေး။ ပြည်ကြီးငါး၊ ပုစွန်တွေလည်းရှိတယ်။”

“ဘဲဥ၊ ကြက်ဥ မယူတော့ဘူးလားအစ်ကိုရေ။”

တယောက်တပေါက် အော်နေကြသော စျေးသည်ပေါင်းစုံ၏ အသံများကြောင့် ညနေခင်းစျေးမှာ စည်ကားလွန်းလှသည်။

စျေးတခု၏အင်္ဂါရပ်နှင့်အညီ ကုန်ခြောက်၊ ကုန်စိုရောင်းသည့်ဆိုင်များဖြင့် အတော်စည်ကားလှသည်။ မနက်အရုဏ်တက်စျေးလည်းရှိပြီး လက်လီ၊ လက္ကား ဝယ်လို့ရသည်မို့ မနက်ခင်းတွင်လည်း စည်ကားသည့်စျေးဖြစ်သည်။ ထိုစည်ကားသည့်စျေးသို့ ပြတ်တုန်းလပ်တုန်း ၂၃ လိုရက်များဆိုလျှင် စည်ပင်သာယာယူနီဖောင်းဝတ်များက စျေးသည်များ လမ်းမပေါ်တက်ရောင်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရောင်းချသမျှ ကုန်များကိုသာမက စျေးတောင်း၊ စျေးဗန်းများကိုပါ ကားပေါ်ပစ်တင်ကာ သိမ်းသွားတတ်သည်။

လက်လီ၊ လက်ကား ဝယ်လို့ရသည့်စျေးဖြစ်၍ များများဝယ်လျှင် စျေးသက်သာသည်။ “စု” ကတော့ မနက်ခင်းစျေးသို့ တခါတလေမှသာ ရောက်တတ်ပြီး ရောက်သည့်အခါတိုင်းဆိုသလို စည်ပင်လာဖမ်းသည့်ရက်နှင့် တိုးတတ်သည်။ ညနေခင်းစျေးကိုတော့ နှစ်ရက်ခြားတခါ ရောက်ဖြစ်သည်။ ရောက်သည့်အခါတိုင်းပင် တရိပ်ရိပ်ထိုးတက်နေသော ကုန်စျေးနှုန်းကြောင့် အမြဲလို ဘုရားတရသည်။

ဝယ်နေကျ ကြက်သားရောင်းသည့် ကောင်မလေးထံတွင် တဆယ်သား ၉၀၀ ကျပ်ဖြင့် ၅၀ သားဝယ်တော့ ၄,၅၀၀ ကျပ်။ အိတ်ကပ်ထဲက ခြင်္သေ့တကောင် စပြီးခုန်ထွက်သည်။ ဒါတောင် မနက်ခင်းစျေးမှာ ၁,၂၀၀ ဖြင့်ရောင်းပြီး ညနေစျေးမို့ လျှော့ရောင်းတာဖြစ်သည်။

“စျေးတက်လို့ပါ အမရယ်” ဆိုသည့် ကြက်သားသည်ကောင်မလေး၏ အပြောကြောင့် “လျှော့ပါအုန်း” ဟုလည်း စျေးထပ်မဆစ်ရက်ပေ။ အာလူး၊ ကြက်သွန် ရောင်းသည့်ဆိုင်ဘက် ရောက်တုန်း ဘယ်စျေးလဲမေးတော့ ကြက်သွန်ဖြူဗမာဥ အစိတ်သား ၁,၄၀၀၊ အာလူး ငါးဆယ်သား ၂,၃၀၀၊ ကြက်သွန်နီ တဆယ်သား ၅၀၀ ကျပ်ဖြင့် အစိတ်သားဝယ်ပြီးသည့်အခါ အိတ်ကပ်ထဲက ခြင်္သေ့နောက်တကောင် ခုန်ထွက်ပြန်သည်။

ကုန်စိမ်းတန်းဘက်ရောက်ပြန်တော့ ကန်စွန်းရွက်များက တစည်း ၄၀၀ ကျပ်ဖြင့် စောင့်ကြိုနေပြန်သည်။ “ကိုင်းခရမ်းချဥ်သီး တဆယ်သား ငါးရာ၊ သုံးဆယ်သား ထောင့်လေးရာနဲ့ရမယ်” တခွန်းစျေးအလား ထင်မှတ်မှားရသည်။ “နံနံပင်က အနည်းဆုံး သုံးရာဖိုးမှရောင်းတယ်” ဟု ပြောနေသော စျေးသည်၏ ဆောင့်ကြီးအောင့်ကြီးလေသံနှင့် မျက်နှာပေးကြောင့် စျေးမဆစ်သာတော့ဘဲ အိတ်ကပ်ထဲက ခြင်္သေ့တကောင် ခုန်ထွက်သွားပြန်သည်။ စျေးတက်လို့ဆိုသည့်စကားက စျေးသည်တို့၏ လက်သုံးစကားပင် ဖြစ်ပြီး တက်ပြီးသားစျေးနှုန်း ပြန်မကျသည်မှာလည်း “စု” တို့ မြန်မာပြည်တွင်သာ ရှိမည်ထင်သည်။

ဆီဆိုင်တဆိုင်၏ရှေ့တွင် ရေးထားသည်။ “ဒီနေ့ စားအုန်းဆီစျေးမှာ ၉,၀၀၀ ကျပ်ဖြစ်သည်။” အခြေခံလူတန်းစားများအတွက် ယခင်ကလို ငါးဆယ်သားတဘူး နှစ်ထောင်ကျပ်လောက်ဖြင့် ငါးရက်စာ သုံးမလောက်တော့ပေ။ တချို့ဆို ငါးဆယ်သားအနားကိုပင် မကပ်နိုင်တော့ဘဲ ငါးကျပ်သား၊ တဆယ်သား အထုပ်လေးများကို စျေးခြင်းထဲတွင် တွေ့နိုင်သည်။

၂၀၂၁ မတိုင်ခင်က ကိုဗစ်ဒုတိယလှိုင်းလောက်အထိ သက်သာချောင်ချိစွာ သုံးစွဲခွင့်ရခဲ့သည်ကို အမှတ်ရမိသည်။ ပမာဏအများကြီးမဟုတ်သော ထောက်ပံ့ငွေ ပေးအပ်သည်ကိုပင် မေတ္တာတွေ တပုံတပင်ကြီး ရလိုက်သကဲ့သို့ ပျော်ရွှင်မဆုံး တပြုံးပြုံးဖြင့် လက်ခံရယူခဲ့ကြရတာကိုလည်း မမေ့နိုင်အောင် ဖြစ်ခဲ့ရသည်။

လက်ရှိအချိန်မှာတော့ အိတ်ကပ်ထဲက တဖြုတ်ဖြုတ်ထွက်သွားသည့် ခြင်္သေ့တွေကို ပြန်တွက်ရင်း မရှူနိုင် မကယ်နိုင် ဖြစ်ရသည့် အောက်ခြေလူတန်းစားဘဝမို့ အသက်ရှူကျပ်မိသည့်နေ့တွေက တဖြည်းဖြည်းများလာသည်။ စျေးသည်များထံ တရွက်ချင်းရောက်ကာ ပျောက်ကွယ်သွားသည့် ခြင်္သေ့များလိုပင်၊ အများပြည်သူ မကြည်ဖြူသည့် လူအချင်းချင်း နှိပ်စက်ညှဉ်းပန်းကြသူများ များမကြာမီ ပျောက်ကွယ်သွားလျှင် ဘယ်လောက်ကောင်းလိမ့်မည်လဲဆိုသည့် အတွေးများနှင့် အိပ်ကပ်ဗလာ စိတ်ဗလာနှင့် စျေးကပြန်လာခဲ့လေသည်။

စု

(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013