DVB Logo
Home
မြန်မာသတင်း
ကနီမြို့တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ကလေးမြို့၌ ဗိုလ်ကြီးဟောင်း ၁ ဦး ပစ်သတ်ခံရ
DVB
·
February 14, 2023
ကနီမြို့တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ကလေးမြို့၌ ဗိုလ်ကြီးဟောင်း ၁ ဦး ပစ်သတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နဲ့ အလယ်ကျွန်းကျေးရွာကြားမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ် ရှမ်းမြောင်းဒေသခံပြည်သူတဦးက “မနက်ခင်း ၈ နာရီလောက်က မိုင်းပေါက်ကွဲသံ ၂ လုံး ကြားလိုက်ရတယ်ဗျ။ စစ်ကောင်စီစစ်ကြောင်းလို့ ဘာကြောင့်ပြောနိုင်တာလဲဆိုတော့ ဒီနေ့မနက်ခင်းက ကနီမြို့ကနေ အလယ်ကျွန်းရွာကို စစ်ကြောင်းထွက်သွားပြီး နာရီဝက်လောက်ရောက်တော့ မိုင်းပေါက်ကွဲသံ ကြားရတယ်။ မိုင်းထောင်တဲ့အဖွဲ့က ဘယ်အဖွဲ့နဲ့ ဖြစ်နိုင်လဲဆိုရင် အဲအနီးမှာ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတော့ နေ့စဉ် ကင်းလှည့်တာတွေရှိတယ်” လို့ ပြောပါတယ်။

ကနီမြို့နယ်အတွင်း အလယ်ကျွန်းကျေးရွာဟာ စစ်ကောင်စီတပ်က အထိုင်စခန်းပြုလုပ်ပြီး ပျူသင်တန်းဖွင့်လှစ် သင်ကြားပေးနေတဲ့ ကျေးရွာတရွာဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူက “စစ်တပ်လမ်းကြောင်းကို မိုင်း ၂ လုံးဆွဲ တိုက်ခိုက်နိုင်ခဲ့တယ်။ အဲလိုတိုက်ခိုက်နိုင်အောင် ကျနော်တို့ကို အတွင်းသတင်းပေးက တိတိကျကျပေးထားလို့ အခုလို မိုင်းဆွဲနိုင်ခဲ့တာပါ။ အတွင်းသတင်းပေးက ဒီနေ့မှာ ပျူရွာက စစ်ကောင်စီ အယောက် ၆၀ လောက်နဲ့ ကနီမြို့ပေါ်က စစ်ကောင်စီ အယောက် ၆၀ စခန်းပြောင်း လူချိန်းတာ လုပ်မယ်လို့ သတင်းပေးလာတယ်။ အဲလိုသတင်းရလို့ ကျနော်တို့ စလစ်မိုင်း ၂ လုံး ကြိုထောင်ပြီး အခုလို မိုင်းဆွဲနိုင်ခဲ့တာ။ စစ်ကောင်စီဘက်ကတော့ အထိအခိုက် အကျအဆုံးတော့ ရှိနိုင်တယ်ဗျ။ အတိအကျတော့ မသိရသေးဘူး။ သူတို့ဘက်ကတော့ လက်နက်အင်အား အပြည့်အစုံနဲ့ ၆၀ မမ၊ ၄၀ မမတွေနဲ့ ပြန်ပစ်တာတော့ လုပ်တယ်။ ကျနော်တို့ဘက်က နယ်မြေကျွမ်းကျင်မှုနဲ့ ပြောက်ကျားတိုက်ခိုက်နိုင်ခဲ့လို့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ကနီမြို့နယ်အတွင်းမှာ‌ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ချင်းတွင်းမြစ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဖလပ်မော်‌တော် ၃ စီးနဲ့ ဖလပ်ပေါ်မှာပါလာတဲ့ စစ်ရိက္ခာတွေ၊ ရေနံနဲ့ စစ်အသုံးဆောင်ပစ္စည်းတချို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတွေဘက်က သိမ်းဆည်းရမိတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်မှာ စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတဦး ပစ်သတ်ခံရပြီး ကားနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းခံခဲ့ရတယ်လို့ ဒေသထံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က တောင်သာ‌ နေပြည်တော်ရပ်ကွက် ဝန်ထမ်းအိမ်ရာမှာ နေထိုင်တဲ့ ကလေးမြို့ ဒေသကွက်ကဲရေး စစ်ဌာနချုပ်က စစ်မှုထမ်း‌ဟောင်း ဗိုလ်ကြီးငွေဇင်ဟာ လက်ဖက်ရည်ဆိုင်ကအပြန် ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

လက်ရှိမှာ ဗိုလ်ကြီးငွေဇင်ဟာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီရဲ့ ဒေါက်တိုင်တခုဖြစ်တယ်လို့ ကလေးမြို့ပြစစ်ဆင်ရေး Operation Mo Mo အဖွဲ့က ပြောပါတယ်။

စစ်မှုထမ်းဟောင်း ဗိုလ်ကြီးငွေဇင်ကို ပစ်ခတ်ရှင်းလင်းခဲ့တာနဲ့ပတ်သက်ပြီး ကလေးမြို့ပြစစ်‌ဆင်ရေး Operation Mo Mo အဖွဲ့ခေါင်းဆောင်က “တပ်တွင်း ဖရဲသီးကနေ သတင်းပေးနေတာ ကြာပါပြီ။ ကျနော်တို့ဘက်က တိကျအောင် အသေးစိတ် လိုက်နေရတာပါ။ သေချာပြီဆိုမှ ပစ်ခတ်ရှင်းလင်းခဲ့တာ။ ရှင်းလင်းတဲ့အချိန်မှာ သူ့ဇနီးရော ပါပါတယ်။ သူ့ဇနီးကိုတော့ ကျနော်တို့အဖွဲ့က လွှတ်ပေးလိုက်တယ်။ ကားနဲ့ ကားထဲမှာပါတဲ့ လက်နက်ခဲယမ်းတွေကိုတော့ သိမ်းဆည်းခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဝန်ထမ်းအိမ်ရာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ဗိုလ်ကြီးငွေဇင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ကား ၂ စီး၊ အိမ်စီးကား ၂ စီးနဲ့ အင်အားအများအပြား ရောက်ရှိလာပြီး မြို့လှရပ်ကွက်အထိ လိုက်လံရှာ‌ဖွေကာ ဒေသခံအမျိုးသား ၆ ဦးကို ဖမ်းဆီးသွားပြီး ညနေပိုင်းအချိန်မှာ ပြန်လွှတ်ပေးခဲ့ကာ စစ်ကောင်စီတပ်သားတွေကတော့ မြို့လှဘုန်းကြီးကျောင်းနဲ့ ရပ်ကွက်ထဲက အိမ်တချို့မှာ တပ်စွဲနေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော ကလေးမြို့တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိတာကြောင့် မြို့ခံတွေအနေနဲ့ စစ်ကောင်စီနဲ့ အနီးပတ်ဝန်းကျင်မှာ မနေကြဖို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

ဓာတ်ပုံ-Operation Mo Mo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013