DVB Logo
Home
Lead Story
ဂျပန်အနေဖြင့် မြန်မာစစ်အာဏာရှင်အပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ထောက်ခံအားပေးချိန်တန်ပြီ
DVB
·
February 14, 2023
ဂျပန်အနေဖြင့် မြန်မာစစ်အာဏာရှင်အပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ထောက်ခံအားပေးချိန်တန်ပြီ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာဟာ အခုဆိုရင် ၂ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်မှုတွေ ပျောက်ဆုံးသွားခဲ့ရသလို အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ မြန်နိုင်ငံသား ထောင်ပေါင်းများစွာရဲ့ အသက်တွေလည်း ဆုံးရှုံးခဲ့ကြရပါတယ်။ နိုင်ငံရပ်ခြားကို ရွှေ့ပြောင်းခိုလှုံခဲ့ကြရသူတွေလည်း ရှိခဲ့ပါတယ်။ အာရှမှာ နောက်ဆုံးနေရာကနေ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ မြန်မာ့စီးပွားရေး ဈေးကွက်ဟာလည်း ပြန်လည်ပြိုပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဖိနှပ်ချုပ်ချယ်မှုတွေကြားကပဲ မြန်မာနိုင်ငံသားတွေဟာ စစ်အာဏာရှင်တွေကို တွန်းလှန်နေကြပြီး တချို့သော ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ မြန်မာစစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်ဖို့အတွက် လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးပေါင်းသွားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မြန်မာစစ်အာဏာရှင်တွေဟာ တရားဝင်မှုကိုရော ပြည်သူလူထုရဲ့ ထောက်ခံမှုကိုပါ ရရှိခဲ့တာ မတွေ့ရပါဘူး။

ဂျပန်အစိုးရက ဆွေးနွေးညှိနှိုင်းရေးကို အလေးပေးပြောကြားနေပေမဲ့ အမေရိကန်နဲ့ ဥရောပတို့လို မြန်မာစစ်အာဏာရှင်တွေကို ဒဏ်ခတ်ပိတ်ဆို့ ဖယ်ကြဉ်ရေး ဆောင်ရွက်သင့်ပြီလို့ ဂျပန်ရှေ့သို့ (Japan Forward) သတင်းဌာနရဲ့ အယ်ဒီတာ့အာဘော်မှာ ရေးပါတယ်။

နိုင်ငံအရေးပေါ်အခြေအနေမှာ စစ်တပ်က ၂ နှစ်အုပ်ချုပ်နိုင်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း အရေးပေါ်အခြေအနေကြေညာပြီး အာဏာလုယူအုပ်ချုပ်ဖို့ ကြိုးစားခဲ့တာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၂ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က လက်ရှိလုံခြုံရေးအခြေအနေတွေကို အကြောင်းပြကာ နိုင်ငံအရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးခဲ့ပါတယ်။ အဲဒါကြောင့်လာမယ့် ဩဂုတ်လမှာ ပြုလုပ်မယ်လို့ မြန်မာစစ်တပ်ကပြောတဲ့ ရွေးကောက်ပွဲဟာလည်း ဘယ်အချိန်ထိ ရွှေ့ဆိုင်းလိုက်မလဲဆိုတာကို မသိနိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး ရွေးကောက်ပွဲ မဝင်နိုင်အောင် ဖယ်ရှားထားတဲ့ ဒီလိုအချိန်မှာ သူတို့လုပ်မယ့် ရွေးကောက်ပွဲဆိုတာဟာ တရားမျှတမှု မရှိနိုင်ဘူးဆိုတာ ပြောနေစရာကို မလိုပါဘူး။

မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ဖြိုခွင်း သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ ၂,၉၈၆ ဦး ရှိခဲ့ပြီဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၃,၈၈၄ ဦးရှိတယ်လို့ သိရပါတယ်။ အဲဒါတွေအပြင် မြန်မာနိုင်ငံသား ၁ သန်းကျော်ဟာလည်း နိုင်ငံရပ်ခြားမှာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်နေရပါတယ်။

ဒီအခြေအနေမှာ စိတ်ပျက်စရာကောင်းတာကတော့ ဂျပန်အစိုးရရဲ့ တုံ့ပြန်မှုပဲဖြစ်တယ်လို့ Japan Forward သတင်းဌာနရဲ့ အယ်ဒီတာ့အာဘော်က ဆိုပါတယ်။ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ဂျပန်အစိုးရက တောင်းဆိုနေခဲ့ပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံတွေက မဖန်တီးနိုင်တဲ့ မြန်မာစစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းကို ဂျပန်က ဖန်တီးကူညီပေးနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်အာဏာရှင်တွေအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်အရေးယူခြင်း မရှိသေးပါဘူး။ မည်သို့ပင်ဖြစ်စေ ဂျပန်အစိုးရရဲ့ တောင်းဆိုမှုတွေကို မြန်မာစစ်တပ်က အလေးထား နားထောင်တဲ့ အရိပ်အယောင်တောင် မမြင်ရပါဘူး။

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးသံတမန် သောမတ်စ်အန်းဒရူးစ်ကလည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းပြီး မြန်မာစစ်အာဏာရှင်တွေအပေါ် နည်းဗျူဟာကျကျ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖို့ သူ့ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ ဂျပန်အစိုးရကိုလည်း မြန်မာစစ်အာဏာရှင်တွေအပေါ် ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့လည်း သူက တောင်းဆိုထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအတွက် စိုးရိမ်ကြောင်း ဂျပန်အစိုးရ အတွင်းရေးမှူးချုပ် ဟိရိုကာဇူ မတ်ဆုနိုက ပြောကြားခဲ့ပါတယ်။ “မြန်မာစစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တိုက်တွန်းတောင်းဆိုမှုတွေကို အလေးထား နားထောင်ခြင်း မရှိသလို သူတို့ရဲ့ အကြမ်းဖက်မှုတွေကိုလည်း ရပ်တန့်မယ့် အရိပ်အယောင် မရှိပါဘူး။”

မည်သို့ပင်ဖြစ်စေ အဝေးကနေ စိုးရိမ်ပူပန်နေရုံနဲ့တော့ ပြဿနာတွေက ပြေလည်သွားမှာ မဟုတ်ပါဘူး။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှုဟာလည်း ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ပိုပြီးရောက်နေကြပါတယ်။ ဘယ်လိုပင်ဖြစ်စေ မြန်မာ့အရေးကို မဖြေရှင်းဘဲ နောက်ချန်ထားခြင်းဟာလည်း တရုတ်နဲ့ ရုရှားတို့လို အာဏာရှင်တွေရဲ့ ရပ်တည်ချက်ကို ပိုပြီး ခိုင်မာအားကောင်းစေပါတယ်။ အဲဒီနှစ်နိုင်ငံလုံးဟာ မြန်မာစစ်အာဏာရှင်တွေရဲ့ ကျောထောက်နောက်ခံနိုင်ငံတွေ ဖြစ်တယ်ဆိုတာကိုလည်း သိထားကြပြီး ဖြစ်ပါတယ်။

အခုလက်ရှိ G7 အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ဂျပန်နိုင်ငံဟာ အမေရိကန်နဲ့ ဥရောပတို့လို မြန်မာစစ်အာဏာရှင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ရေးကို သုံးသပ်သင့်ပြီဖြစ်ကြောင်း Japan Forward သတင်းဌာနရဲ့ အယ်ဒီတာ့အာဘော် ဆောင်းပါးမှာ ရေးသား ဖော်ပြထားပါတယ်။

ဥဿာဆန်း

Ref:Japan Forward

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013