DVB Logo
Home
Lead Story
နွေဦးရောင်နီ မဝေးတော့ပြီ
DVB
·
February 13, 2023
နွေဦးရောင်နီ မဝေးတော့ပြီ
Donate to DVB

ဆောင်းကုန်လို့ နွေလည်းကူးပြီ၊ နွေဦးတော်လှန်ရေးလည်း ဗျူဟာကျကျ တော်လှန်ခဲ့ကြတာ အခုဆို တော်လှန်ရေးတပ်ပေါင်းစုတွေ နေရာဒေသအတော်များများကို ထိန်းချုပ် ဝိုင်းပတ်ထားပြီဖြစ်တယ်။ စစ်အုပ်စုက စစ်ကြောင်းထိုးတယ်၊ မီးရှို့တယ်၊ ဖမ်းတယ်၊ သတ်တယ်၊ ပြီးရင် နေထိုင်တပ်စွဲရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ရဲစခန်းတွေထဲကို ပြန်ဝင်ပြေးတယ်။ တော်လှန်ရေးအဖွဲ့တွေက ဝင်တိုက်တယ်။ မင်းအောင်လှိုင်စစ်သားတွေ အတုံးအရုံး သေတော့ လေကြောင်းကို လာကူဖို့ ငယ်သံပါအောင် အော်တယ်။ ပျူစောထီး၊ ပြည်သူ့စစ်နဲ့ နောက်လိုက် လက်နက်ကိုင်တွေ သေတာများပြီး မအလစစ်သား သေတာနည်းရင် လှည့်မကြည့်တော့ဘူး၊ ပစ်ထားလိုက်တယ်။ မင်းအောင်လှိုင်စစ်သား အသေများပြီး မြို့တွေ၊ ရဲစခန်းတွေ သိမ်းခံရတော့မယ် ဆိုရင်ဖြင့် လေယာဉ်‌တွေနဲ့ တရစပ် ဗုံးကြဲတိုက်ခိုက်တယ်။

မင်းအောင်လှိုင်ဟာ တော်လှန်ရေးနဲ့ပတ်သက်လို့ အသံမထွက်နိုင်တော့ပါဘူး။ သူ့လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေကိုပဲ မဟုတ်မမှန် အလိမ်အညာ သတင်းစကားနဲ့ တပ်မပျက် သေနတ်ပြောင်းမလှည့်အောင် လိမ်ညာဖုံးဖိနေရတဲ့ အခြေစိုက်နေပြီဖြစ်တယ်။ ဖေ‌ဖော်ဝါရီ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးတိုက်ပွဲ၊ ဖေ‌ဖော်ဝါရီ ၈ ရက်နေ့ ချင်းပြည်နယ်၊ ထန်တလန်မြို့ မြို့မရဲစခန်းသိမ်းတိုက်ပွဲတွေမှာ အထိနာတော့ လေကြောင်းနဲ့ ရမ်းကားတယ်။ အရှက်မကွဲအောင် သူ့နောက်လိုက်တွေကို သတင်းမှားနဲ့ဖုံးတယ်၊ ထန်တလန်မှာ သေနတ်အလက် ၄၀ ကျော် သိမ်းခံရတာကို ရှက်ရှက်နဲ့ ပြုပြင်ရမယ့် လက်နက်တွေပါ၊ သူ့ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့တယ်။ ထုတ်ပြန်ချက်ကို ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ရီတယ်။ မအလနောက်လိုက် လက်ပါးစေတွေက ယုံတယ်။ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးပွဲမှာ အကျအဆုံးများပြီး ရဟတ်ယာဉ်တစီး ပစ်ချခံရတယ်။ သတင်းအမှားတွေနဲ့ ပြန်ဖုံး ပြန်လိမ်တယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တာဝန်ရှိ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အမိန့်ကို နာခံပြီး ခွာစစ်နဲ့ တပ်ပြန်ဆုတ်ခဲ့တယ်။ အဲ့ဒီမှာလည်း ရှက်ယမ်းယမ်းကာ မြို့ထဲကိုဝင်ပြီး ဘာမှမဆိုင်တဲ့လူတွေကို ဖမ်းဆီးသတ်ဖြတ်၊ အိမ်တွေမီးရှို့ဖျက်ဆီးပြီး ရွှေငွေနဲ့ တန်ဖိုးရှိပစ္စည်းတွေ ဆန်စပါးတွေ လုယက်ခိုးယူကြတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ မင်းအောင်လှိုင်နောက်လိုက် ပျူစောထီး ပြည်သူ့စစ်စခန်းတွေကို ချေမှုန်းတိုက်ခိုက်နေကြသလို ပြည်သူတွေကလည်း နိုင်တဲ့ဘက်က ဝိုင်းကူလို့ တော်လှန်ရေးအရှိန် မြှင့်တင်နေကြပြီဖြစ်တယ်။

စစ်ကောင်စီစစ်ကြောင်းတခုမှာ အင်အားအများဆုံးပါ ၁၀၀ ပတ်ချာလည်ပဲရှိတယ်။ ကျန်တာ ပျူစောထီး၊ ပြည်သူ့စစ်၊ စစ်‌ကောင်စီလက်အောက်ခံ တိုင်းရင်းသားလက်နက်ကိုင်တချို့ ပါတယ်။ စစ်ကြောင်းထိုးရင် ပျူစောထီး၊ ပြည်သူ့စစ်၊ စစ်‌ကောင်စီလက်အောက်ခံ တိုင်းရင်းသားလက်နက်ကိုင်တွေကို ရှေ့ကတက်ခိုင်းတယ်။ စစ်သားတွေက နောက်ကနေပဲလိုက်တယ်။ သူတို့က တက်၊ တိုက်၊ ပစ်၊ နောက်ကနေပြီး အမိန့်ပေးတယ်။ အခြေအနေမဟန်တာနဲ့ မင်းအောင်လှိုင်စစ်သားတွေက အရင်ဦးဆုံး ထွက်ပြေးတယ်။ သေစရာရှိရင် ရှေ့ကတက်တဲ့သူတွေ သေကြရတယ်။ မိုင်းထိလို့သေတယ်၊‌ သေနတ်နဲ့ ပစ်ခံရလို့သေတယ်၊ စနိုက်ပါနဲ့ပစ်လို့ သေတယ်၊ အခုအချိန်ထိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျဆုံးစစ်သား၊ ထိခိုက်ဒဏ်ရာရ စစ်သားစာရင်း မထုတ်ပြန်ရဲသေးဘူး။ အရင်ကလည်း မထုတ်ပြန်ဘူး၊ အခုလည်း မထုတ်ပြန်ဘူး၊ နောင်လည်း ဘယ်တော့မှ ထုတ်ပြန်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စစ်သားတွေ မသိစေချင်လို့ပဲ။ အခုချိန်ထိ တိုက်ပွဲတိုင်းမှာ မအလစစ်သားတွေ ဒူးပွန်းရုံပဲ ရှိသေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူ့နောက်လိုက်တွေကို ထိန်းချုပ်နေတာဖြစ်တယ်။

ဖေ‌ဖော်ဝါရီ ၈ ရက်နေ့က နေပြည်တော်ကို လျှပ်စစ်ဓာတ်အားပေးပို့နေတဲ့ အဓိကတာဝါတိုင် ၉ တိုင်ကို တော်လှန်ရေးအဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးလိုက်တယ်။ မကြာခင် စစ်အုပ်စု အခြေစိုက်ထားတဲ့ နေပြည်တော် အမှောင်ဖုံးတော့မယ်ဆိုတဲ့ ရှေ့ပြေးသတိပေးချက်ပဲ ဖြစ်တယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်အားက နွေဦးတော်လှန်ရေး စတင်စဉ် အချိန်ကထက် ပိုမိုအားကောင်းလာတယ်။ ထိတွေ့တိုက်ပွဲ ပြင်းထန်လာသလောက် အာဏာရူးတွေရဲ့ နေဝင်ချိန် မကြာတော့သလို ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကလည်း နွေဦးရောင်နီနဲ့အတူ အလင်းရောင်သမ်းလာပြီ ဖြစ်တယ်။ ယာယီသမ္မတကြီး ဒူဝါလရှီးလက အာဏာသိမ်း သုံးနှစ်ပြည့်ဆိုတာ မရှိစေရဘူးဆိုတဲ့ စကားလေးပါးရင်း တသံတည်းညီ တချီတည်း ရုန်းကြပါစို့ ပြည်သူတို့ ... ။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013