DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးကျဆုံးပါက ကမ္ဘာပေါ်တွင် မြောက်ကိုရီးယားကဲ့သို့ နိုင်ငံတနိုင်ငံ ထပ်ပေါ်လာမည်ဟု NUG ဝန်ကြီးပြော
DVB
·
February 12, 2023
တော်လှန်ရေးကျဆုံးပါက ကမ္ဘာပေါ်တွင် မြောက်ကိုရီးယားကဲ့သို့ နိုင်ငံတနိုင်ငံ ထပ်ပေါ်လာမည်ဟု  NUG ဝန်ကြီးပြော
Donate to DVB

လက်ရှိဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအောင်မြင်အနိုင်ပါက မြန်မာနိုင်ငံဟာ တောင်ကိုရီးယားလို့ ဒီမိုကရေစီနိုင်ငံဖြစ်မယ်၊ တကယ်လို့ ဒီတော်လှန်ရေးသာကျဆုံးသွားရင် နောက်ထပ် ကမ္ဘာပေါ်မှာ မြောက်ကိုရီးယားလို နိုင်ငံတနိုင်ငံပေါ်လာလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊  နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နဲ့ မြန်မာလူထုတွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ St.James Episcopal ခရစ်ယာန်ဘုရားကျောင်းမှာ ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပရာမှာ ဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားခဲ့တာဖြစ်ပါတယ်။

ပရိတ်သတ်တဦးရဲ့ မေးမြန်းချက်နဲ့ပတ်သက်ပြီး ဒေါ်ဇင်မာအောင်က “ကျမတို့ကလေ Unify  ဖြစ်ဖို့လုပ်နေတာဖြစ်တယ် ဒီတော်လှန်ရေးက၊ ခွဲထွက်ဖို့လုပ်နေတာမဟုတ်ဘူး၊ ဒီတိုင်းပြည်တပြည်လုံးမှာ အဆုံးစွန်ဆုံး ဒါကတော့ သိတယ်မလား၊ တောင်မြန်မာ၊ မြောက်မြန်မာပေါ့ တောင်ကိုရီးယားလိုဖြစ်မယ်၊ မြောက်ကိုရီးယားလို့ဖြစ်မယ်လို့ ပြောကြ ဆိုကြတာရှိတယ်၊ ကျမတော့ဘာပဲပြောလဲဆိုတော့ ကျမတို့တော်လှန်ရေးကြီးနိုင်လို့ရှင်ရင် ကျမတို့တိုင်းပြည်ဟာ ဒီမိုကရေစီနိုင်ငံလိုမျိုး တောင်ကိုရီးယားလိုဖြစ်မယ်၊ တကယ်လို့ ဒီတော်လှန်ရေးသာ ကျဆုံးသွားရင် နောက်ထပ် ကမ္ဘာပေါ်မှာ မြောက်ကိုရီးယား လိုနိုင်ငံတနိုင်ငံပေါ်လာလိမ့်မယ်။ ဒါမျိုးကို မမြင်ချင်ရင် ကျမတို့တော်လှန်ရေးကို ထောက်ပံ့ပါ ကူညီပါလို့ ကျမတို့ နိုင်ငံတကာကို ကျမတို့ ပြောလေ့ပြောထရှိတယ်”လို့ပြောပါတယ်။

ဒီတော်လှန်ရေးကြီးနိုင်မှ မြန်မာပြည်ဟာ Failed state   ကျဆုံးနိုင်ငံမဖြစ်မှာဖြစ်ကြောင်း  ဒီတော်လှန်ရေးကြီးရှုံးရင် Failed state   ကျဆုံးနိုင်ငံဖြစ်မှာဖြစ်ပြီး  မဖြစ်စေချင်ရင်ကူညီဖို့လည်း နိုင်ငံတကာအသိုင်းဝန်းကို NUG ဝန်ကြီးက ပြောပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ စုစည်းညီညွတ်မှုအားတွေကို ဒိထက်ပိုပြီးအားကောင်းအောင် စုစည်းထားကြဖို့ တော်လှန်ရေးကာလအတွက်တင်မက တော်လှန်ရေးအလွန်ကာလ ပြည်လည်တည်ဆောက်တဲ့အခါမှာလည်း တော်လှန်ရေးအသိ သတိနဲ့ နိုင်ငံထူထောင်ရေးအတွက်ကို ဘုံရည်မှန်းချက်ပန်းတိုင်ကို တညီတညွတ်တည်း စိတ်ဓာတ်နဲ့သွားကြဖို့လည်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း “ အခုဆိုရင် နိုင်ငံတကာကနေ ပြည်သူတွေရဲ့ ဆောင်ရွက်ချက်အားကြောင့် လုံးဝလျစ်လျူရှုလို့မရတဲ့ အနေအထားဆိုတာ အားလုံးသိလာ ပြီဖြစ်ပါတယ်။ ဒါကြောင့်အခုဆိုရင် နိုင်ငံတကာ အမြင်နဲ့ကြည့်ရင် ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တခုချခဲ့တာ ရှိတယ်၊ ဒါပေမဲ့ ဆုံးဖြတ်ချက်အဆိုထဲမှာ ပါတဲ့အချက်အလက်တွေကတော့ ပြည်သူတွေအနေနဲ့ အားမလို အားမရဖြစ်စေခဲ့တဲ့ဟာမျိုး တွေရှိခဲ့တယ်။ ဘာပဲပြောပြော တချက်ကတော့ ဒီလိုမျိုးဆုံးဖြတ်ချက်အဆိုက ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မရဘူးသေးတဲ့ ဆုံးဖြတ်ချက်အဆိုတခုကို ရခဲ့တာ တခုဖြစ်ခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ကိစ္စတခုလို့တော့ ကျနော်ပြောလို့ရပါတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ လန်ဒန်ခရီးစဉ်မှာ ယူကေနိုင်ငံခြားရေးဝန်ကြီးနဲ့ နှစ်ယောက်တွေ့ဆုံတဲ့ ဓာတ်ပုံကိုကြည့်တဲ့အခါ မြန်မာနိုင်ငံတော်အလံ နောက်ခံထားပြီး အဆင့်တူတန်းတူဆက်ဆံတာတွေ့ရတဲ့အတွက် ဒီဓာတ်ပုံလေးဟာ စစ်ကောင်စီကို ပိတ်ရိုက်လိုက်တဲ့ ဓာတ်ပုံလေးဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောသွားပါတယ်။ 

ဒီတွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး နယူးယောက်မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသား ၃၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ 

တော်လှန်ရေးမှာ စိတ်အားထက်သန်စွာပါဝင်နေကြတဲ့ အမေရိကန်ရောက်တော်လှန်ရေး ညီအကိုမောင်နှမတွေကို ကျေးဇူးတင်ရှိကြောင်း NUGပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး လက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

တက်ရောက်လာကြသူတွေကလည်း သူတို့သိလိုတာတွေ မေးမြန်းကြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနဲ့  သံအမတ်ကြီးတို့က  အသေးစိတ်ပြန်လည်ဖြေကြားပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013