DVB Logo
Home
မြန်မာသတင်း
စစ်ရာဇဝတ်မှုကျူးလွန်နေသည့် မြန်မာစစ်တပ်ကိုအရေးယူရန် ဖယ်ဒရယ်ပြည်ထောင်စုနေ့ပွဲတွင် ကနေဒါရောက် မြန်မာများတောင်းဆို
DVB
·
February 12, 2023
စစ်ရာဇဝတ်မှုကျူးလွန်နေသည့် မြန်မာစစ်တပ်ကိုအရေးယူရန် ဖယ်ဒရယ်ပြည်ထောင်စုနေ့ပွဲတွင် ကနေဒါရောက် မြန်မာများတောင်းဆို
1 / 19
Donate to DVB

စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူပေးဖို့နဲ့ မြန်မာပြည်ရှိ အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ ကနေဒါအစိုးရကို  ကနေဒါရောက်မြန်မာတွေက  တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၊ ဆာရေးခရစ်ယာန်ဘုရားကျောင်းမှာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက်က မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲခဲ့ကြတဲ့  ဖယ်ဒရယ်ပြည်ထောင်စုနေ့ပွဲတော် ကျင်းပရာမှာ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အာဏာရှင်စစ်တပ်ရဲ့  အရပ်သားတွေကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကို ကနေဒါအခြေစိုက် မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေ အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက် ပါတယ်။

ဗန်ကူးဗားချင်းကွန်မြူနတီအဖွဲ့မှ ဆလိုင်းကိုအောင်က “ကျနော်တို့ရဲ့ နေ့တိုင်းလိုလို မျက်ရည်သွေးစီးကျနေတဲ့ ကျနော်တို့ပြည်သူတွေရဲ့ ဟစ်အော်သံကြီးကို ဒီကနေဒါအစိုးရအနေနဲ့ အမြဲတမ်း နားဆွံ့ပေးပြီးတော့ ကျနော်တို့အတွက် စာနာထောက်ထားပြီးတော့ အမြဲတမ်းကူညီပေးပါလို့ ပြောချင်ပါတယ်။ ကျနော်တို့ချင်းပြည်နယ်မှာတော့ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဗုံးကြဲသံတွေ လေယာဉ်နဲ့ Fighter တိုက်လေယာဉ်နဲ့ တနေ့တခြားပိုပြီးတော့ ဆုတ်ယုတ်ကြမ်းကြုတ်လာတဲ့ အခြေအနေတွေကို ကျနော်တို့ ငိုကြွေးသံတွေ ဟစ်ကြွေးသံတွေ အမြဲတမ်းကြားနေရပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ စစ်ကိုင်း၊ မကွေးစတဲ့ဒေသတွေမှာ စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ သိသိသာသာပိုမိုများပြားလာကာ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ ဘာသာရေးအဆောက် အဦးတွေကိုလည်းတိုက်ခိုက်ခဲ့လို့ ကျောင်းသားကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရသလို ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးနေရတာဖြစ်ပါတယ်။ 

စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ တာဝန်ရှိတဲ့  စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တိုင်းမှူးတွေ အားလုံးဟာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (အိုင်စီစီ)မှာ မဖြစ်မနေ တရားစွဲခံရမယ်လို့ ကနေဒါရောက်မြန်မာတွေကဆိုပါတယ်။ 

အနာဂတ်မှာ အလားတူစစ်ရာဇဝတ်မှုတွေထပ်မဖြစ်စေအောင်နဲ့ မြန်မာပြည်သူတွေ ထိခိုက်ခံစားနေရမှုတွေ လျော့နည်းသက်သာစေဖို့အတွက် ကျူးလွန်တဲ့ စစ်အာဏာရှင်တွေ ဒဏ်ခတ်ခံရအောင် အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဩစတြးလျ၊ အီးယူနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လည်း ကနေဒါရောက်မြန်မာတွေက တောင်းဆိုပါတယ်။

ဒီနေ့ကျင်းပတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနေ့ပွဲဟာ နှစ်စဉ်ပုံမှန်ကျင်းပနေတဲ့ ပြည်ထောင်စုနေ့ပွဲမျိုးမဟုတ်ဘဲ အနာဂတ်မှာ တိုင်းရင်းသားတွေ တန်းတူညီမျှအခွင့်ရေးနဲ့ ရပိုင်ခွင့်တွေရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ရည်မှန်းကျင်းပတဲ့ပွဲဖြစ်တယ်၊ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားပြည်သူတွေတွက်  ကနေဒါရောက် မြန်မာတွေက တဖက်တလမ်းက ကူညီနေတာဖြစ်တယ်လို့ ပွဲကျင်းပရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးစိုးဦးက ပြောပါတယ်။ 

“ဖက်ဒရယ်ပြည်ထောင်စုတခု ဖြစ်လာရေးအတွက်၊ ပထမအဆင့်ကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ပဲဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားမှသာလျှင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးကို ကျနော်တို့ ဆက်လက်ဆောင်ရွက်နိုင်မှာပါ။ ဒါကြောင့်မို့လို့ ပြည်တွင်းမှာရှိနေတဲ့ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားညီအစ်ကိုများ၊ နယ်စပ်မှာရှိနေတဲ့ တိုက်ပွဲဝင်တိုင်းရင်းသားညီအစ်ကိုများနဲ့ ပြည်ပမှာရောက်ရှိနေတဲ့ တိုင်းရင်းသားညီအစ်ကိုများ ကျနော်တို့ဟာ ဟန်ချက်ညီရှိနေဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာလည်း  ပြည်တွင်းပြည်ပတိုင်းရင်းသားညီအစ်ကိုများနဲ့ စိတ်သဘောထားတခုတည်း ဦးတည်ချက်တခုတည်း သွားနေတယ်ဆိုတာ လက်တွေ့ဖော်ဆောင်နေတာဖြစ်ပါတယ်။ မဝေးတဲ့ အနာဂတ်မှာ ကျနော်တို့ တိုင်းရင်းသားအားလုံး နှစ်ပေါင်းများစွာတိုက်ပွဲဝင်နေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတခု မုချဖြစ်လာမယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာရှိကြောင်းကိုလည်း ပြောကြားလိုပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့အသက်တွေကိုကယ်တင်ဖို့နဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်မှုပြန်ရဖို့  ကနေဒါအစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အရရော သံတမန်ရေးနဲ့ ငွေကြေးအရပါ ထောက်ခံပံ့ပိုးပေးဖို့လည်း ကနေဒါရောက်မြန်မာတွေက တောင်းဆိုလိုက်ပါတယ်။ 

အခုလိုတောင်းဆိုတဲ့အဖွဲ့တွေထဲမှာ ကနေဒါနိုင်ငံသား မြန်မာတိုင်းရင်းသားလူမျိုးများအဖွဲ့ (BENO) ၊မြန်မာကနေဒါကွန်ရက်နဲ့ အွန်တာရီရိုမြန်မာကျောင်းသားများအဖွဲ့ (MSAO) အဖွဲ့တွေ ပူးပေါင်းပါဝင်ပါတယ်။

ဒီပွဲကို ဗီဒီယိုကနေ သတင်းစကားပါးခဲ့တဲ့ NUG ဝန်ကြီး နော်စူစန်နာလှလှစိုးက “နွေဦးတော်လှန်ရေးကနေ ခေတ်အဆက်ဆက်ကျမတို့ လိုလားတောင့်တနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးကိုရရှိဖို့အတွက် ဒီအချိန်မှာ အရှိန်မြှင့်ပြီးတော့ ထမ်းဆောင်နေတာဖြစ်ပါတယ်။ နိုင်ငံတဝန်းနဲ့ နိုင်ငံတကာမှ ကူညီပံ့ပိုးနေတဲ့ ကျမတို့ရဲ့ မြန်မာနိုင်ငံသားတွေကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒီအခမ်းအနားမှာ ကျမတို့ တယောက်နဲ့တယောက်တွေ့ဆုံကြမယ်၊ ညီညွတ်ကြမယ်၊ ခိုင်မြဲတဲ့လက်တွေကိုချိတ်ဆက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှာ ဆက်လက်ပြီးတော့ ညီညီညွတ်ညွတ်လုပ်ကြမယ် တိုင်းရင်းသားတွေက ကိုယ့်ရဲ့ယဉ်ကျေးမှုတွေကို ဖော်ထုတ်ကြမယ်၊ အစားအစားတွေကို လို့သိရပါတယ်၊ ဒါတွေဟာဆိုရင် ကျမတို့ရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု မတူကွဲပြားတဲ့အလှအပတွေ ဖော်ထုတ်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့် အင်မတန်မှဂုဏ်ယူပါတယ်”လို့ပြောပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စုနေ့ပွဲမှာ ကရင်၊ ချင်း၊ မွန်နဲ့ မြန်မာအပါအဝင်တိုင်းရင်းသားရိုးရာအကတွေ၊ တော်လှန်ရေးတေးသီချင်းတွေကို တိုင်းရင်းသားကလေးငယ်တွေနဲ့ ဝါသနာရှင်တွေက  သီဆိုတီးခတ် ဖျော်ဖြေခဲ့ ကြပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေး ရန်ပုံငွေရှာ ဈေးရောင်းပွဲအဖြစ်  မြန်မာရိုးရာ စားသောက်ဖွယ်ရာတွေ ကိုလည်း တည်ခင်းရောင်းချခဲ့ကြရာမှာ ဗန်ကူးဗားဒေသရောက် ရာနဲ့ချီတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေ ပါဝင်အားပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013