DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့ရုံးများ မဖွင့်သေးသဖြင့် ပြည်ပထွက်မည့်သူများ ရရာအလုပ်လုပ်ပြီး စောင့်နေရ
DVB
·
February 11, 2023
ပတ်စ်ပို့ရုံးများ မဖွင့်သေးသဖြင့် ပြည်ပထွက်မည့်သူများ ရရာအလုပ်လုပ်ပြီး စောင့်နေရ
Donate to DVB

မြန်မာနိုင်ငံမှာ ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာ အချိန် ၁ လကျော်ကြာပြီဖြစ်ကာ စလစ် ရထားပြီး ပတ်စ်ပို့စာအုပ် မရသေးတဲ့ ပြည်ပထွက်ဖို့ စောင့်ဆိုင်းနေသူအချို့ဟာ လက်ရှိ ကာလမှာ ပတ်စ်ပို့ရုံးတွေ မဖွင့်သေးတာကြောင့် တခြားရရာအလုပ်တွေ ပြောင်းလဲလုပ်ကိုင်ပြီး ပြည်ပထွက်ဖို့ စောင့်ဆိုင်းနေရပါတယ်။

ရန်ကုန်မြို့မှာ ပတ်စ်ပို့ ပြုလုပ်သူတဦးကတော့ ပြည်ပထွက်ဖို့ အကုန်ပြင်ဆင်ပြီးသွားပေမယ့် ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာကြောင့် ပြည်ပမထွက်နိုင်သေးဘဲ ကြုံရာ အလုပ်လုပ်ရင်း စောင့်ဆိုင်းနေရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

"လမ်းပျောက်နေတာပေါ့။ မြန်မာနိုင်ငံမှာပဲ ရှိတဲ့ အလုပ်ပဲလုပ်ရမှာလိုလို၊ ပတ်စ်ပို့ဖွင့်မယ့်ရက် စာအုပ်ပဲ ဖွင့်မယ့်ရက်ကို ထိုင်ပြီး စောင့်ရမှာလိုလို ဖြစ်နေတာပေါ့။ တချို့ကျတော့လည်း အလုပ်လုပ်ရင်း စောင့်နေရတာပေါ့။ ကြုံရာအလုပ်လုပ်ပြီး စာအုပ်ထုတ်ပေးမယ့်ရက်ကို စောင့်နေရတာပေါ့။ ပတ်စ်ပို့ရုံးကလည်း မဖွင့်သေး။ ဖောင်တွေကတော့ တင်ပြီးပြီ။"

"တိုကင် စနစ်နဲ့ သွားတာဆိုတော့ တိုကင်ယူထားတာ။ စာအုပ်က ဒီချိန်ဆို ရနေလောက်ပြီ။ တိုကင်ယူတဲ့ရက်က ကျော်တောင်သွားပြီ ၁ လလောက်။ ဒါပေမဲ့ ပတ်စ်ပို့ရုံးက မဖွင့်တဲ့အတွက် ဘာမှ လုပ်လို့ မရဘူး။ ဆေးဝါးကျွမ်းကျင် သူနာပြုအကူ၊ တရုတ်စကားပြော၊ အင်္ဂလိပ် စကားပြော အကုန်လုံး သင်တန်းပြီးသွားပြီ။ စာအုပ် မရသေးတဲ့အတွက် ရှေ့ဆက် ဘာမှ လုပ်လို့မရဘူး"လို့ ရန်ကုန်မြို့မှာ ပတ်စ်ပို့ ပြုလုပ်နေတဲ့ ကိုထွန်းထွန်း (အမည်လွှဲ) က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဟာ တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို ဇန်နဝါရီ ၂ ရက်မှာ ရက်အကန့်အသတ် မရှိ ပိတ်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ပြည်ပထွက် ဆေးကုမယ့်သူတွေ၊ ကျောင်းတက်ဖို့ ပြင်ဆင်သူတွေနဲ့ ပြည်ပမှာ အလုပ်လုပ်ကိုင်မယ့်သူတွေ အခက်အခဲ ကြုံနေရပါတယ်။

ပတ်စ်ပို့ရုံးတွေကို System update လုပ်တာကြောင့် ပိတ်တာလို့ စစ်ကောင်စီက ကြေညာထားပြီး ပြန်ဖွင့်မယ့်ရက်ကိုတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ တရားဝင် ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က MoU လုပ်သားတွေအတွက် Green Channel နဲ့ သီးသန့် ပတ်စ်ပို့ ထုတ်ပေးမှုကို ဇန်နဝါရီ ၁၇ ရက်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ လက်ရှိမှာတော့ ဗုဒ္ဓဂါယာ ဘုရားဖူးနဲ့ အရေးပေါ် ကိစ္စရှိသူတွေသာ နေပြည်တော်ကို စာတင်ပြီး ပတ်စ်ပို့ ထုတ်လို့ရတယ်လို့ ပြည်တွင်းက ပတ်စ်ပို့ အကျိုးဆောင်တွေက ပြောပါတယ်။

"ဗုဒ္ဓဂါယာ သွားတာတွေပဲ ရမှာပေါ့။ တချို့ စာအုပ် လုပ်ထားပြီးသား စလစ်ပဲရှိတယ်။ မရသေးဘူး အရေးပေါ် လိုနေတယ်ဆိုရင် နေပြည်တော်ကို စာတင် အဲ့လိုပဲ ရမှာပေါ့။ လုံး၀ အသစ်ကြီးဆို မရသေးဘူး။ PJ လုပ်ထားတဲ့လူတွေလည်း စလစ်ပဲ ရသေးတယ်။ စာအုပ်မထုတ်ပေးဘူးလို့ ကြားတယ်"

"ဗုဒ္ဓဂါယာက စာတင်ရတယ်။ လေယာဉ်လက်မှတ် အသွားအပြန် ပြရတယ်။ အသက် ၄၀ အောက်ဆို ၂ ယောက် သွားရတယ်။ အုပ်ထိန်းသူ ပါရတယ်။ နေပြည်တော် လမ်းကြောင်းက ကိုယ့်ဘာကိုယ် တိုက်ရိုက် စလစ်ရထားပြီ။ အရေးကြီးတယ်။ ကျောင်းတက်ဖို့ ဒိတ်တွေ ဘာတွေနဲ့ စာရွက်စာတမ်း အထောက်အထား တိုက်ရိုက် ကိုယ့်ဘာကိုယ် တင်ရတာ"လို့ ပတ်စ်ပို့ အကျိုးဆောင်တဦးက ပြောပါတယ်။

အရပ်သား အစိုးရလက်ထက်မှာ ပတ်စ်ပို့စာအုပ် ပြုလုပ်ခ ငွေကျပ် ၄ သောင်း ဝန်းကျင်သာ ရှိပေမယ့် စစ်အာဏာသိမ်းပြီးနောက် ကန့်သတ်ထားတဲ့ QR စနစ်တွေ၊ စောင့်ဆိုင်းရတဲ့ အခြေအနေတွေနဲ့ ပြည်ပထွက်သူ များပြားတာကြောင့် ပတ်စ်ပို့လုပ်ခ စျေးနှုန်းတွေဟာ ပြင်ပပေါက်စျေး ငွေကျပ် ၃ သိန်းကနေ ၅ သိန်း၊ ၁၀ သိန်းအထိ ရှိနေပါတယ်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုမို များပြားလာပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ ယူအေအီး နိုင်ငံတွေကို အများဆုံး သွားရောက် အလုပ် လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013