DVB Logo
Home
မြန်မာသတင်း
မြန်မာကို အာဆီယံက ထုတ်သင့်ပြီဟု မလေးရှားဝန်ကြီးချုပ်ပြော
DVB
·
February 11, 2023
မြန်မာကို အာဆီယံက ထုတ်သင့်ပြီဟု မလေးရှားဝန်ကြီးချုပ်ပြော
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြဿနာတွေက အာဆီယံကျန်အဖွဲ့ဝင် ၁၀ နိုင်ငံကို ထိခိုက်နေတာထက်စာရင် မြန်မာနိုင်ငံကို အခုပဲဖဲ့ထုတ်လိုက်သင့်ပြီလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်က ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ရာထူးရယူပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတော်ဧည့်သည်အဖြစ် ထိုင်းနိုင်ငံကို လာရောက်စဉ်မှာ မစ္စတာအန်ဝါက ပြောကြားလိုက်တာပါ။

“ကျနော်တို့အခုချိန်မှာ မြန်မာနိုင်ငံကို ဖဲ့ထုတ်လိုက်သင့်ပါပြီ။ မြန်မာ့အရေးအခင်းတွေကြောင့် ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေ နှောင့်နှေးခက်ခဲနေတာမျိုး မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ မြန်မာစစ်အာအာဏာရှင်တွေကို ပြင်းထန်တဲ့ သတိပေးချက်တွေပေးဖို့ ကျနော်တို့ အဖွဲ့ဝင်တွေကြား ခိုင်မာတဲ့ သဘောတူညီမှုရရှိနိုင်မယ်ဆိုရင်တော့အရမ်းကို ကောင်းသွားမှာပဲ။”

အာဆီယံရဲ့ အနာဂတ်ကို ပိုမိုကောင်းမွန်လာဖို့ မြင်ယောင်မျှော်လင့်ထားကြောင်းလည်း မလေးရှား-ထိုင်း ကုန်သည်ကြီးများအသင်းက စီစဉ်ပြုလုပ်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ အခမ်းအနားမှာ မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

မြန်မာစစ်အာဏာရှင်တွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေအပေါ်မှာ ရက်ရက်စက်စက် နှိပ်စက်အနိုင်ကျင့်နေတာတွေကို ရပ်တန့်ဖို့လိုပြီဖြစ်ကြောင်းကိုလည်းပြောပါတယ်။

မစ္စတာ အန်ဝါက “ကိုယ့်နိုင်ငံအတွင်းမှာ ဘယ်လိုမူဝါဒနဲ့ ဘယ်လိုယဉ်ကျေးမှုတွေကို ကျင့်သုံးမလဲဆိုတာကို စိတ်ကြိုက်ချမှတ်ရေးဆွဲလို့ရပါတယ်။ ဒါပေမဲ့ ဒီခေတ်ဒီအချိန်မှာ ဘယ်နိုင်ငံမှာမှ ကိုယ့်နိုင်ငံသားတွေကို ခွဲခြားနှိမ့်ချပြီး အနိုင်ကျင့် ခြိမ်းခြောက်တာတွေ ဆက်ရှိမနေသင့်တော့ဘူး။ ကိုယ့်နိုင်ငံသားတွေအပေါ်မှာ ပြန်ပြီးအကြမ်းဖက်မှုတွေ ကျူးလွန်နေတာတော့ ပိုဆိုးတာပေါ့”လို့ ပြောပါတယ်။

မစ္စတာအန်ဝါပြောတဲ့ မြန်မာကို အာဆီယံကနေ ဖဲ့ထုတ်လိုက်သင့်ပြီဆိုတာဟာ ဘယ်လို သဘောမျိုးဖြစ်တယ်ဆိုတာကိုတော့အတိအကျမသိနိုင်သေးဘူးလို့ စင်ကာပူနိုင်ငံထုတ်  The Straits Times သတင်းစာမှာ ရေးပါတယ်။

တကယ်လို့ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးပြီး အရပ်သားအစိုးရကို ပြန်လည် အာဏာအပ်နှင်းခြင်းမရှိခဲ့ရင် မြန်မာနိုင်ငံကို အာ၁ဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲဖို့ တောင်းဆိုထားတဲ့ ၂၀၂၁ ခုနှစ် မတ်လတုန်းက အဆိုပြုချက်ကိုတော့ တခြားအာဆီယံအဖွဲ့ဝင် ၅ နိုင်ငံနဲ့အတူ မလေးရှားဝန်ကြီးချုပ်ကလည်း ပါဝင်ထောက်ခံလက်မှတ်ရေးထိုးခဲ့ပါတယ်။ 

စစ်တပ်ကအာဏာလုယူခဲ့ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားပြုမှုမရှိတဲ့ ကိုယ်စားလှယ်တွေကိုသာ အာဆီယံအဖွဲ့က ဖိတ်ကြားဖို့မူဝါဒရှိခဲ့တာကြောင့်  အာဆီယံထိပ်သီးအစည်းအဝေးတွေပါအဝင် တခြားဆွေးနွေးဘက်နိုင်ငံတွေနဲ့  အစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံကိုယ်စားပြုအဆင့် တက်ရောက်ခွင့် မပြုပဲထားရှိတာပါ။ 

အာဆီယံရဲ့ ဒီလုပ်ရပ်ဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်တယ်လို့ မြန်မာစစ်အာဏာရှင်တွေကလည်း ကန့်ကွက်နေတာဖြစ်ပါတယ်။

မြန်မာ့အရေးမှာ ကျန်အာဆီယံ ၁၀ နိုင်ငံရဲ့ အမြင်တွေဟာလည်း ကွဲပြားနေပါတယ်။ ထိုင်းနိုင်ငံကတော့ မြန်မာစစ်ခေါင်းဆောင်နဲ့ ပေါ်ပေါ်ထင်ထင်ပဲ ဆက်ဆံနေသလို မကြာသေးခင်က ဘန်ကောက်မှာ ထိုင်းအစိုးရက ကမကထလုပ်ပြီး မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

မလေးရှားကတော့ စစ်အာဏာရှင်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိပြီး နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာကလည်း နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှုရရှိရေးကို စစ်ကောင်စီနဲ့ အားပြိုင်နေရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခေါင်းဆောင်တွေနဲ့ လူသိထင်ရှားတွေ့ဆုံခဲ့ ပါတယ်။

အခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကျတဲ့ အင်ဒိုနီးရှားကလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်သူ့ကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် သတ်မှတ်တာဝန်ပေးမယ်ဆိုတာ မကြေညာသေးပါဘူး။

အရင်တာဝန်ယူခဲ့ရတဲ့ အာဆီယံအထူးသံတမန်နှစ်ယောက်ဖြစ်တဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆော့ဖ်နဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရာ့ခ်ဆာခွန်းတို့နှစ်ယောက်လုံးကတော့ ဖမ်းဆီးခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော သမ္မတဦးဝင်းမြင့်နဲ့ပါ တွေ့ဆုံခွင့်မရခဲ့သလို မြန်မာ့အရေး အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းလည်းမရှိပါဘူး။  

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ထဲကို စစ်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်၊  ဇူလိုင်လမှာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆီယံရဲ့ အဓိက ရည်ရွယ်ချက်မှာ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ အသိုင်းအဝန်း တခုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်ရေး တည်ဆောက်ရာမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညီညွတ်တဲ့ စိတ်ဓာတ်တွေတဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ယဉ်ကျေးမှု ဖွံဖြိုး တိုးတက်မှုတွေကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

PHOTO- Anwar Ibrahim 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013