DVB Logo
Home
ပညာရေး/နည်းပညာ
လွယ်ကူပြီး လုံခြုံတဲ့ သော့ချက်စကားဝှက် Password ဘယ်လိုထားမလဲ
DVB
·
February 11, 2023
လွယ်ကူပြီး လုံခြုံတဲ့ သော့ချက်စကားဝှက် Password ဘယ်လိုထားမလဲ
1 / 5
Donate to DVB

အခုခေတ်ကာလမှာ အင်တာနက်အသုံးပြုသူ လူတိုင်းမှာ password မျိုးစုံ မှတ်သားထားရပါတယ်။ email, social media, facebook, twitter ကအစ ဘဏ်စာရင်းနဲ့ တခြားအသုံးမျိုးစုံအတွက် စကားဝှက်တွေမျိုးစုံက မှတ်ရသိမ်းရ များများလာတတ်ပါတယ်။

စကားဝှက်ထားတာ သိပ်လွယ်ကူလွန်းလို့ တခြားတယောက်က အလွယ်တကူ မှန်းဆနိုင်ပြန်ရင်လည်း အဆင်မပြေပါဘူး။​ သိပ်ရှုပ်ထွေးခက်ခဲလွန်းလို့ ကိုယ်တိုင်မမှတ်မိနိုင်ပြန်ရင်လည်း အဆင်မပြေပြန်ပါဘူး။ တချို့ကလည်း မှတ်ရလွယ်အောင် email, facebook, twitter, bank account ဘာမဆို password တခုတည်း ထားကြတယ်ဆိုရင်လည်း တခုထိုးဖောက်ခံရပြီးရင် အကုန်လုံးပါသွားနိုင်တဲ့ အန္တရာယ်ကြီးပါတယ်။ မသမာသူတွေက ကိုယ့်ရဲ့အကောင့်တခုရဲ့ စကားဝှက်ကို တခြားအကောင့်ပေါင်းများစွာမှာ စမ်းသပ်အသုံးပြု ထိုးဖောက်လေ့ရှိတာကို Credential Stuffing လို့ ခေါ်ပါတယ်။

ရှုပ်ထွေးခက်ခဲတဲ့ password တွေ ဖန်တီးပေးတာ သိမ်းဆည်းပေးထားတာတွေအတွက် password manager apps တွေ ရှိတတ်ပေမဲ့ လူတိုင်းအသုံးပြုချင်မှာ မဟုတ်ပါဘူး။​ အခမဲ့အသုံးပြုနိုင်တဲ့ Free Password generators တွေအားကိုးနဲ့ ရှုပ်ထွေးပြီး မှန်းဆရခက်ခဲတဲ့ စကားဝှက်တွေလည်း ဖန်တီးနိုင်ပေမဲ့ နည်းနည်းလေး ဉာဏ်ကစားလိုက်ရင် ကိုယ်လည်းမှတ်မိရလွယ်၊ ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲတဲ့ စကားဝှက်တွေ ရနိုင်ပါတယ်။

အရေးကြီးတဲ့ စကားဝှက်တခု ဖန်တီးတဲ့နေရာမှာ လူတွေရဲ့ စိတ်ပညာသဘောအရ စိတ်ထဲကို အရင်ဝင်ရောက်လာတတ်တာတွေက ကိုယ့်နာမည်၊ ချစ်သူ၊ မိဘ၊ ညီအစ်ကို မောင်နှမနာမည်၊ မွေးနေ့၊ မွေးရက်၊ အိမ်မှာမွေးထားတဲ့ ခွေးကလေး၊ ကြောင်ကလေးကအစ ကိုယ်အားပေးတဲ့ ဘောလုံးအသင်း မန်ယူ၊ အာဆင်နယ် စတဲ့ စကားလုံးတွေ ဖြစ်နေတာ များပါတယ်။ အဲဒီလို စကားဝှက်မျိုး ထားရင်တော့ တော်တော်လုံခြုံရေးမကောင်းတဲ့ အခြေအနေ ရှိပါတယ်။

ကိုယ့်ရဲ့အချက်အလက်ကို ထိုးဖောက်ဝင်ရောက်ချင်တဲ့ မသမာသူ တယောက်ယောက်ဟာ နာမည်တွေ၊ မွေးနေ့မွေးရက်၊ မိသားစု၊ အကြိုက်ဆုံးရုပ်ရှင်တွေ၊ သီချင်းတွေ၊ စာအုပ်တွေ၊ အားကစားအသင်းတွေကအစ လူမှုကွန်ရက်ကတဆင့် အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ စကားဝှက်ကို မှန်းဆလို့ရနိုင်ပါတယ်။

ထိုးဖောက်ရခက်မယ်၊ မှတ်ရလဲလွယ်မယ်ဆိုရင် အဲဒီဆားဗစ်နဲ့တွဲပြီး ရောသုံးတဲ့ စကားလုံးမျိုး သုံးကြည့်မလား။​ ဒါပေမဲ့ Netflix အတွက် Netflix12345, netflix1988 မျိုးထိ လွယ်ကူနေတာမျိုး မဖြစ်သင့်ပါဘူး။ လုံခြုံတဲ့ password တခုဖြစ်ဖို့ရာ စကားလုံးအကြီးအသေး Net NET ကိန်းဂဏန်း ၁၂၃၄၅ သာမက သင်္ကေတ !@#$%&* တွေလည်း လိုအပ်ပါတယ်။ Netflix2023 ဆိုတာထက် Me&Netflix#2023 ဆိုရင် ပိုထိုးဖောက်ရ ခက်လာပါမယ်။

စာလုံးအကြီးအသေးတွေကို ကြုံရာကျပန်း ရောနှောလိုက်မယ်ဆိုရင် Me&NetFliX#2023, me@neTfliX#203 ဖြစ်လာမယ်။​

underscore လိုင်းကိုပါ ထည့်သုံးမယ်ဆိုရင် Me@Net_fliX#2023 ထိုးဖောက်ရ ပိုခက်လာပါမယ်။

2023 ကို ပြောင်းပြန်လှန်လိုက်မယ်ဆိုရင် Me&Net_fliX#3202$ ဖြစ်ပါမယ်။

၂၀၂၃ ထဲက 2 ဟာ “Z” နဲ့ဆင်ဆင်ဖြစ်လို့ Me&Net_fliX#Z0Z3 ဖြစ်လာနိုင်ပါတယ်။

“3” ဂဏန်းက E ကို ပြောင်းပြန်လှန်ထားသလိုဖြစ်လို့ Me&Net_fliX#Z0ZE$ ဖြစ်လာပါမယ်။ ​underscore _ တွေ အများကြီးထည့်သုံးလိုက်မယ်ဆိုရင်တော့ John_neT_Flix_Z0ZE$ ဆိုတာမျိုးထိ ရှုပ်ထွေးလာနိုင်ပါတယ်။

ကိန်းဂဏန်းတွေထည့်တဲ့နေရာမှာလည်း ကိုယ့်ချစ်ခင်သူတယောက်ယောက်ရဲ့ မွေးနေ့ သက္ကရာဇ်တွေနဲ့ အခု ဒီနှစ်က ၂၀၂၃ မို့လို့ ၁၉၈၈ မွေးတာမို့လို့ဆိုတဲ့ သိပ်ရိုးစင်းလွန်းတဲ့ ရွေးချယ်မှုမျိုးထက် ကိုယ့်အကြောင်းသိနေတဲ့သူတွေပင်လျှင် မှန်းဆရခက်ခဲနိုင်မယ့် တခြားနံပါတ်တွေ ပြောင်းသုံးသင့်ပါတယ်။ ကိုယ်သုံးနေကျ တယ်လီဖုန်းနံပါတ်၊ ကိုယ်နေတဲ့ အိမ်နံပါတ်၊ ကိုယ့်လိပ်စာ area code၊ ကိုယ်မောင်းနေတဲ့ ကားနံပါတ်တွေလည်း မဖြစ်သင့်တာ သေချာပါတယ်။ အခုလက်ရှိ နာရီကို လှမ်းကြည့်လိုက်လို့ မနက် ၁၁ နာရီ ၃၀ မိနစ်ဆိုတာမျိုး ၁၁း၃၀ 11:30 am ဆိုတာမျိုးပါလာရင် Suu_neT_fliX_11:30am$ ဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။

Suu ဆိုတဲ့ မြန်မာနာမည်ထဲက S ကို ခပ်ဆင်ဆင် $ နဲ့ အစားထိုးလိုက်မယ်ဆိုရင် $uu@neT_fliX#11:30aM ဆိုတာမျိုးဖြစ်လာရင် ဟက်ကာ မသမာသူတယောက် ထိုးဖောက်နိုင်ဖို့ နှစ်ပေါင်းသန်းပေါင်းများစွာ အချိန်ပေးရနိုင်တဲ့အထိ ရှုပ်ထွေးခိုင်မာလာပါလိမ့်မယ်။

အခုလောက်ဆိုရင် ကိုယ့်အတွက် မှတ်မိလွယ်ပြီး မသမာသူတွေ ထိုးဖောက်ဝင်ရောက်ဖို့ခက်၊ မှန်းဆရခက်ခဲနိုင်တဲ့ စကားဝှက်တခုခုကို စဉ်းစားဖန်တီးနိုင်လောက်ပြီ ထင်ပါတယ်။ ဘယ်လောက်ပဲ ရှုပ်ထွေးခက်ခဲတဲ့ စကားဝှက်ပဲဖြစ်ပါစေ၊ အခြေအနေအရ မကြာမကြာ အသစ်ပြောင်းသင့်မယ်ဆိုတာလည်း သိထားဖို့လိုပါတယ်။ apple icloud, pay pal, T-mobile အကောင့်တွေ အစုအပြုံလိုက် ထိုးဖောက်ခံရတယ်၊ KBZ, CB bank အကောင့်တွေအားလုံး ထိုးဖောက်ခံရတယ်ဆိုတဲ့ သတင်းမျိုးကြားရတယ်ဆိုရင်လည်း ကိုယ့်စကားဝှက်ကို အမြန်ပြောင်းလဲနိုင်ဖို့ ကြိုတင်မှန်းဆထားရနိုင်ပါတယ်။

နောက်ဆုံး ကိုယ့်ရဲ့စကားဝှက်က ဘယ်လောက်ခိုင်မာအားကောင်းသလဲ၊ မသမာသူ ဟက်ကာတွေက ထိုးဖောက်မယ်ဆိုရင် အချိန်ဘယ်လောက်ကြာနိုင်သလဲဆိုတာ စစ်ဆေးချင်ရင်တော့ အောက်မှာဖော်ပြထားတဲ့ Website မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။

Link to Password Monster’s Password Strength Meter
https://www.passwordmonster.com

သန်းဝင်းထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013