DVB Logo
Home
မြန်မာသတင်း
Chevron အမေရိကန်စွမ်းအင်ကုမ္ပဏီက မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရှယ်ယာများ ရောင်းချ
DVB
·
February 10, 2023
Chevron အမေရိကန်စွမ်းအင်ကုမ္ပဏီက မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရှယ်ယာများ ရောင်းချ
Donate to DVB

အမေရိကန်စွမ်းအင်လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Chevron ဟာ မြန်မာနိုင်ငံရဲ့ ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှာ သူပိုင်တဲ့ အစုရှယ်ယာတွေကို ကနေဒါနိုင်ငံက MTI Energy ကုမ္ပဏီထံကို ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံပိုင် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို စီးပွားရေးပိတ်ဆို့ ဆန့်ကျင်ဖို့ ကနေဒါနဲ့ ယူကေတို့ကို Justice For Myanmar အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။ 

Chevron ဟာ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှာ သူပိုင်ဆိုင်တဲ့ အစုရှယ်ယာ ၄၁ ဒသမ၁ ရာခိုင်နှုန်းကို အမ်တီအိုင် အင်နာဂျီ (MTI Energy) ပိုင်လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Et Martem Holdings ကုမ္ပဏီကို ရောင်းချဖို့ သဘောတူညီပြီးဖြစ်ကြောင်း အတည်ပြုခဲ့တယ်လို့ UpStreamOnLine website မှာ ဖော်ပြထားပါတယ်။

အရောင်းအဝယ်သဘောတူညီချက်ပါ အချက်အလက်တွေနဲ့ အရောင်းအဝယ်တန်ဖိုးကိုတော့ လျှို့ဝှက်ထားရမှာဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

“မြန်မာနိုင်ငံမှာ အကြီးဆုံးသဘာဝဓာတ်ငွေ့ စီမံကိန်းဖြစ်တဲ့ ရတနာစီမံကိန်းဟာ တရားမဝင် စစ်အာဏာရှင်တွေကို နိုင်ငံခြားငွေ အများဆုံးရှာပေးနေတဲ့ လုပ်ငန်းတွေထဲမှာ အကြီးဆုံးစီမံကိန်း ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေရတဲ့ ဝင်ငွေတွေဟာ ဒီတရားမဝင်စစ်တပ်က စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နိုင်အောင် ငွေကြေးထောက်ပံ့နေတာဖြစ်ပါတယ်။” လို့ လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ Justice For Myanmar က ပြောပါတယ်။

ရတနာစီမံကိန်းက လုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကနေ မထွက်ခွာမီအချိန်ထိ ပြင်သစ် Total Energies က လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ သူထွက်ခွာသွားချိန်မှာတော့ သူ့ရဲ့ အစုရှယ်ယာတွေကို  ကျန်နေတဲ့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီ ၃ ခု ဖြစ်တဲ့  Chevron ၊ ထိုင်းနိုင်ငံက PTTEP နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့က ခွဲဝေယူလိုက်ကြပါတယ်။ အဲဒီနောက် လုပ်ငန်းတွေကို Chevron က ဆက်လက်တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။

Total ကုမ္ပဏီထွက်ခွာသွားပြီးနောက် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှာ Chevron ရဲ့ ပိုင်ဆိုင်မှုဟာ ၂၈ ဒသမ ၂၆ ရာခိုင်နှုန်းကနေ ၄၁ ဒသမ ၁ ရာခိုင်းနှုန်းသို့တက်လာခဲ့ပြီး ကျန် ကုမ္ပဏီသုံးခုထဲမှာ ပိုင်ဆိုင်မှု အများဆုံးဖြစ်လာခဲ့ပါတယ်။

အခုလို အမေရိကန်ကုမ္ပဏီ ထွက်ခွာသွားခဲ့ပြီးနောက် ရတနာစီမံကိန်းမှာ မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ပိုင်ဆိုင်မှုအများဆုံးရှိလာမှာ ဖြစ်သလို ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှာလည်း စိတ်တိုင်းကျ ခြယ်လှယ်ခွင့် ပိုမိုရရှိသွားမှာ ဖြစ်တာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ 

Chevron ပြောရေးဆိုခွင့်ရှိသူကတော့ “အခုရောင်းချနေတဲ့ ကာလတလျှောက် ကျနော်တို့ရဲ့ ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ ချမှတ်ထားတဲ့ သံန္နိဋ္ဌာန်အတိုင်း ဆောင်ရွက်သွားမှာဖြစ်သလို အကူးအပြောင်းကာလကိုလည်း သူတို့ စနစ်တကျအန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ။ ဒေသခံ လူ့အဖွဲ့အစည်းတွေအတွက်လည်း လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ 

“ရောင်းချနေစဉ် ကာလအတွင်းမှာလည်း အမ်တီအိုင်အင်နာဂျီရော Chevron ကပါ မြန်မာစစ်ခေါင်းဆောင်တွေဆီ ငွေအဆက်မပြတ်ဝင်နေအောင် ဆောင်ရွက်ပေးနေရမှာပဲ ဖြစ်တယ်။ အဲဒါကြောင့် သူတို့ဟာ စစ်အာဏာရှင်တွေ ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုမှာ ပူးပေါင်းပါဝင်ရာ‌ရောက်တယ်” လို့ Justice For Myanmar က ပြောပါတယ်။ 

Chevronရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူလိုက်တဲ့ MTIရဲ့ ကုမ္ပဏီခွဲ Et Martem ဟာ ယူကေအပိုင် ဘာမြူဒါဒေသအခြေစိုက်ဖြစ်ပြီး ယူကေက ချမှတ်ထားတဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်ခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကိုတော့ ကနေဒါကရော ယူကေကပါ စီးပွားရေးပိတ်ဆို့မှု မရှိသေးတာကြောင့် စစ်ကောင်စီဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ အကျိုးအမြတ်ဆက်လက်ရရှိနေဦးမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ 

“မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေ၊ ဘဝတွေနဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေအပေါ်မှာ အမ်တီအိုင်အင်နာဂျီက အလေးမထားတာကို ကျနော်တို့ ရှုတ်ချပါတယ်။ ပြီးတော့ ဒါဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ (OECD) က ချမှတ်ထားတဲ့ နိုင်ငံတကာကုမ္ပဏီများရဲ့ ဝတ္တရားများနဲ့ ကုလသမဂ္ဂရဲ့ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးများ အခြေခံလမ်းညွှန်ချက်တွေကို ဖောက်ဖျက်တာပဲ ဖြစ်တယ်” လို့ Justice For Myanmar က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာလည်း မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ သူတို့နိုင်ငံအခြေစိုက် ကုမ္ပဏီတွေကနေ  မြန်မာစစ်အာဏာရှင်တွေကို ငွေကြေးထောက်ပံ့မှုမရှိစေရန် တားမြစ်ဖို့ ကနေဒါအစိုးရနဲ့ ယူကေအစိုးရကို Justice For Myanmar က တောင်းဆိုခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013