DVB Logo
Home
မြန်မာသတင်း
PTTEP ထိုင်းကုမ္ပဏီက မြန်မာစစ်အုပ်စုအတွက် သဘာဝဓာတ်ငွေ့ဝင်ငွေ ဆက်ရှာပေးနိုင်
DVB
·
January 27, 2022
PTTEP ထိုင်းကုမ္ပဏီက မြန်မာစစ်အုပ်စုအတွက် သဘာဝဓာတ်ငွေ့ဝင်ငွေ ဆက်ရှာပေးနိုင်
Donate to DVB

မြန်မာနိုင်ငံမှာမနှစ်က စစ်အာဏာသိမ်းမှုနဲ့ကြုံခဲ့ရပြီးနောက်မှာ Total Energies နဲ့ Chevron ကော်ပိုရေးရှင်းတို့ထွက်သွားတာကြောင့် ထိုင်းနိုင်ငံရဲ့အစိုးရပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (PTTEP) ဟာ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး သဘာဝဓာတ်ငွေ့တွင်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေပုံရတယ်လို့  လေ့လာသုံးသပ်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကာပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

အစုရှယ်ယာ ၂၅ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ရတနာလုပ်ကွက်ရဲ့ အော်ပရေတာဖြစ်လာမယ့် PTTEP ရဲ့ ဆောင်ရွက်ချက်ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို အရေးပါတဲ့ ဓာတ်ငွေ့အထောက်အပံ့တွေ ဆက်လက်စီးဆင်းနေစေမှာဖြစ်ပြီး ပိုပြီးတင်းကျပ်နေတဲ့ အမေရိကန်နဲ့ တခြားပိတ်ဆို့အရေးယူမှုတွေအကြား မြန်မာစစ်အာဏာရှင်အုပ်စုအတွက် ၀င်ငွေကို အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပြင်သစ်ကုမ္ပဏီ Total Energies နဲ့ အမေရိကန်ကုမ္ပဏီ Chevron တို့ဟာ မြန်မာနိုင်ငံ အနောက်တောင်ဘက် ကမ်းလွန်က ရတနာ ဓာတ်ငွေ့စီမံကိန်းနဲ့ မုတ္တမ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ(MGTC) တို့ လုပ်ကိုင်နေတဲ့ အုပ်စုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းဟာ မြန်မာနဲ့ထိုင်းနယ်စပ်ကို သွယ်တန်းထားပါတယ်။

PTTEP ဟာ ရတနာအော်ပရေတာအဖြစ် တာဝန်ယူဖို့ အလားအလာပိုများကြောင်း ဘန်ကောက်အခြေစိုက် Lantau Group မှ အတိုင်ပင်ခံ ခစ်သီထက်ပရွမ်ထာဝီဖုန်က ပြောပါတယ်။

PTTEP ဟာ Total Energies နဲ့ Chevron မှ အစုရှယ်ယာတွေအားလုံးကို ရယူခဲ့မယ်ဆိုရင် ရတနာစီမံကိန်းမှာ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်း အထိပိုင်ဆိုင်မှာဖြစ်ပါတယ်။

PTTEP ဟာ သူ့ရဲ့အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ ဇောတိကလုပ်ကွက်အသေးကို လည်း လည်ပတ်နေပြီဖြစ်ပါတယ်။

PTTEP က ရတနာဓာတ်ငွေ့စီမံကိန်းနဲ့ပတ်သက်တဲ့ နောက်ထပ်လုပ်ငန်းအဆင့်တွေနဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံအတွက် စွမ်းအင်ထောက်ပံ့မှုကို ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာတွေကို သေချာစဉ်းစားနေကြောင်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။

PTTEP ဟာ တနင်္လာနေ့မှာတော့ နောက်ထပ်မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း-MOGE ကလည်း  မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

Total Energies ကတော့ သူ့ရဲ့မြန်မာမှာပိုင်ဆိုင်ထားမှုတွေအတွက် PTTEP က အလိုလို ရွေးချယ်မှုဖြစ်ပြီး ထိုင်းကုမ္ပဏီနဲ့လည်း အဆက်အသွယ်ရှိနေကြောင်း ပြောပါတယ်။ ဒီကိစ္စ Chevron ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

စွမ်းအင်လုပ်ငန်း ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Total Energies နဲ့ Chevron တို့ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ သောကြာနေ့က ကြေညာခဲ့ပေမယ့်လည်း တခြားကုမ္ပဏီတွေက သူတို့ရဲ့လုပ်ငန်းတွေကို လွှဲပြောင်းယူသွားမှာဖြစ်လို့ စစ်အုပ်စုဟာ သဘာဝဓာတ်ငွေ့ကနေ ဝင်ငွေ ဆက်လက်ရရှိနေမှာဖြစ်တယ်လို့ HRW က ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုအသစ်တွေဟာ စစ်တပ်အုပ်ချုပ်မှုကို ထောက်ခံတဲ့ နိုင်ငံခြားငွေပေးချေမှုတွေကို ပိတ်ဆို့မထားဘူးဆိုရင် မြန်မာစစ်တပ်ဟာ သဘာဝဓာတ်ငွေ့နဲ့ တခြားတူးဖော်ရေးကဏ္ဍတွေကနေ ကြီးမားများပြားတဲ့ ၀င်ငွေတွေကို ဆက်လက်ကောက်ယူသွားမှာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က အင်္ဂါနေ့မှာ  ပြောပါတယ်။

အာဏာသိမ်းထားပြီး တစ်နှစ်နီးပါး ကြာလာချိန်မှာ မြန်မာစစ်အုပ်စုဟာ ကြောက်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက် ကျူးလွန်နေတယ်လို့ HRW ရဲ့ အာရှစည်းရုံးရေး ဒါရိုက်တာ ဂျွန်ဆစ်ဖ်တွန်က အလေးပေး ပြောကြားခဲ့ပါတယ်။ 

အစိုးရတွေကနေ စစ်ခေါင်းဆောင်တွေအပေါ် သိသာထင်ရှားတဲ့ ငွေကြေးဆိုင်ရာဖိအားတွေမပေးရင် စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖိနှိပ်မှုကနေ  ရှောင်လွှဲသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ယူကေ၊ ဂျပန်နဲ့ တခြားသက်ဆိုင်ရာ အစိုးရတွေဟာ သဘာဝဓာတ်ငွေ့ ၀င်ငွေတွေအားလုံးကို ပိတ်ဆို့အရေးယူဖို့ ဘုံရပ်တည်ချက်တစ်ရပ်ကို ချမှတ်သင့်တယ်လို့လည်း HRW က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ အဓိက စွမ်းအင်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ ထိုင်းအစိုးရပိုင် PTT နဲ့ တောင်ကိုရီးယားရဲ့ POSCO တို့ဟာ ဒီအစီအမံတွေအတွက် သူတို့ရဲ့ထောက်ခံမှုကို အချက်ပြသင့်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေဟာ စစ်အုပ်စုအတွက် နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိပြီး သူ့ရဲ့ အကြီးဆုံးသော တစ်ခုတည်းသော နိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်ပါတယ်။

အဲ့ဒီငွေတွေကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ပြည်ပနိုင်ငံတွေမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ တခြားဘဏ်အကောင့်စာရင်းတွေဆီ အမေရိကန် ဒေါ်လာနဲ့ ပေးပို့နေတာဖြစ်ပြီး အများစုမှာ ထိုင်း သို့မဟုတ် တရုတ်နိုင်ငံကို ပိုက်လိုင်းနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှုကို အခကြေးငွေတွေ၊ အခွန်တွေ၊ ခံစားခွင့် (ခိုင်ကြေး) စတဲ့ ဝင်ငွေပုံစံမျိုးတွေနဲ့ ပေးပို့နေတာဖြစ်တယ်လို့ HRW က ဆိုပါတယ်။

စစ်အုပ်စုက ဆက်ပြီး ငွေရှာနေသရွေ့ မြန်မာပြည်ကနေ စွမ်းအင်ကုမ္ပဏီ ထွက်ခွာခြင်းဟာ အချက်ပြခြင်းသက်သက်ပဲ လို့လည်း  ဂျွန်ဆစ်ဖ်တွန်က ဆိုပါတယ်။

အမေရိကန်နဲ့ အီးယူတို့ဟာ လူ့အခွင့်အရေးတိုးတက်မှု ရှိလာဖို့ဆိုရင် စစ်အုပ်စုအပေါ် အမှန်တကယ် စီးပွားရေး သက်ရောက်မှုရှိစေမယ့် အစီအမံတွေ ချမှတ်ဖို့ အရေးတကြီး လိုအပ်နေကြောင်းလည်း ပြောသွားပါတယ်။

ကိုးကား- Reuters/South Korea News

Photo- PTTEP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013