Home
မြန်မာသတင်း
Chevron ရေနံကုမ္ပဏီထွက်ခွာမှု အမည်ခံသာဖြစ်ပြီး စစ်ကောင်စီကို ဆက်လက်အကျိုးပြုနေ  
DVB
·
April 10, 2024

အမေရိကန်ရေနံကုမ္ပဏီ Chevron မြန်မာနိုင်ငံမှထွက်ခွာမှုက အမည်ခံထွက်ခွာမှုသာဖြစ်ပြီး စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေဆက်ရှာပေးနေတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေတာ မျိုးမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ နိုင်ငံခြားဝင်ငွေအများဆုံး ရှာပေးနိုင်ခဲ့တဲ့ အမေရိကန်ရေနံကုမ္ပဏီ Chevron က မြန်မာနိုင်ငံရဲ့ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကနေ ရင်းနှီးမြှပ်နှံမှုရပ်ဆိုင်းပြီး ထွက်ခွာပြီလို့ ၂၀၂၂ ဇန်နဝါရီလမှာ ကြေညာခဲ့တာပါ။ 

​ကြေညာပြီး ၂ နှစ်ကျော်အကြာ ၂၀၂၄ ဧပြီ ၅ ရက်နေ့ Chevron  အပြီးသတ် ထွက်ခွာသွားချိန်မှာတော့  Chevron  ပိုင်ရှယ်ယာ ၄၁ ဒသမ ၁ ရာခိုင်နှုန်းက ထိုင်းနိုင်ငံပိုင် PTTEP နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဆီ ရောက်ရှိပြီး အကျိုးအမြတ်တွေခွဲဝေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

၂ နှစ်ကျော်ကြာအောင် MOGE ကို အကျိုးအမြတ်တွေပေးနေဆဲဖြစ်တဲ့အတွက် အမည်ခံ ထွက်ခွာမှုသာဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက DVB ကို ပြောပါတယ်။

“Chevron  ထွက်သွားတာ ကျနော်ဝမ်းသာတယ်။ ဒါပေမဲ့ တကယ်တမ်း ပြန်ကြည့်လိုက်တော့ ရရှိတဲ့အရင်းအမြစ်တွေ အကျိုးအမြတ်တွေက စစ်ကောင်စီကို ဆက်လက်ပြီးတော့ စီးဆင်းနေတုန်းပဲ။ ဒါကြောင့်မို့ အခုချိန်ထိ စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်နေနိုင်တာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တာ လက်နက်ကြီးတွေနဲ့ ပစ်နိုင်တာဖြစ်တယ်။ ထွက်တယ်ဆိုတဲ့နေရာမှာ နာမည်ခံထွက်တာမဟုတ်ဘဲနဲ့ တကယ်တမ်း ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အားပေးနေတဲ့ ငွေကြေးလက်နက် ဒါတွေကို ဖြတ်တောက်ဖို့ လိုပါတယ်၊၊ အဲတော့ ဒီကာလမှာ သူတို့က ဆက်ပြီးတော့ပံ့ပိုးနေတဲ့အတွက် ပြည်သူတွေ ထပ်မံ သေဆုံးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ အခုချိန်ထိရှိနေတာ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ အဲဒီတော့ အမည်ခံထွက်တာမျိုးမဟုတ်ဘဲနဲ့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်မှု ရပ်တန့်အောင် တိတိကျကျလုပ်ဆောင်ပါ အဲဒီအတွက် ကျနော်တို့ တိုက်တွန်းလိုပါတယ်။”

စစ်ကောင်စီကို အကျိုးအမြတ်တွေ ရရှိစေခဲ့တဲ့အတွက် Chevron ထွက်ခွာမှုက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေတာမျိုးမရှိဘူးလို့ သွေးစွန်းငွေဖြတ်တောက်ရေး Blood Money အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီအပေါ်မှာ ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံပိုင် PTTEP နဲ့ Chevron ရဲ့ တာဝန်ယူမှုပျက်ကွက်ခဲ့မှုအပေါ်  Blood Money campaign ရဲ့  ပြောရေးဆိုခွင့်ရှိသူ က မေးခွန်းထုတ်ပါတယ်။

“PTTEP ရဲ့ တကယ့်မူရင်းပိုင်ရှင်ဖြစ်တဲ့ ထိုင်းအစိုးရကိုလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖို့အတွက် ထိုင်းအစိုးရရဲ့ သဘောထားသည် လူသတ်ခြင်းမှာ မပါဘူးဆိုတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောချင်တယ်။  Chevron အနေနဲ့လည်း သူထွက်မှုန နောက်ပိုင်းမှာ ပေးဆောင်ရမယ့်သူ ပါဝင်ပတ်သတ်နေတဲ့ဟာတွေမှာ မပေးဖို့ဆိုတဲ့ ကိစ္စတွေ သူလုပ်ဆောင်သွားဖို့ လိုတယ်ပေါ့။ ဒါပေမဲ့ ဘာမှမလုပ်ဆောင်သွားဘူးဆိုတော့ သူရဲ့ arrangement တွေကို ကျမတို့ သိချင်တယ်။ MOGE ဆီကို ဘယ်လိုအကျိုးအမြတ်မှ မစီးဆင်းဖို့ အာဏာရှင်ဆီကို ပိုက်ဆံမရောက်ဖို့ ဆိုရင် MOGE ကို မြန်မြန် ဆန်ရှင်ချ။ နောက်ပြီး ဘာပိုက်ဆံမှ၊ ဘယ်လိုမျိုး နိုင်ငံခြားဝင်ငွေမှ ဝင်လို့မရဖို့ လမ်းကြောင်းတွေ အကုန်လုံးကိုဖြတ်တောက်ပေါ့။ နိုင်ငံပိုင်ဘဏ်တွေကို ဖြတ်တောက်ဖို့က အလုပ်သင့်ဆုံးလို့ ကျမတို့ကမြင်တယ်။”

MOGE ကနေ ၂၀၂၁-၂၀၂၃ ထိ ခန့်မှန်းဝင်ငွေ အမေရိကန်ဒေါ်လာ စုစုပေါင်း ၃.၈၂ ဘီလီယံရှိခဲ့ပြီး စစ်အသုံးစရိတ်က အာဏာသိမ်းပြီးနောက် ၂၀၂၁-၂၀၂၃ ထိ အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ အသုံးပြုခဲ့တယ်လို့ blood money campaign ရဲ့ အစီရင်ခံစာတွေအရ သိရပါတယ်၊

Chevron နဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ရတနာစီမံကိန်းကို ဆက်လက် ပူးတွဲလုပ်ကိုင်နေခြင်းအားဖြင့် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့  ရာဇ၀တ်မှုတွေမှာ ပါ၀င်ပတ်သက်ခဲ့တယ်လို့  Justice for Myanmar အဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။ 

Chevron အနေနဲ့ မြန်မာပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှု ရှိသင့်သလို၊ သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကို ဖွင့်ဟထုတ်ဖော်ပြီး တာဝန်ယူမှုအပြည့်နဲ့ ထွက်ခွာဖို့ မြန်မာနိုင်ငံအတွင်း သူ့စီးပွားရေး လုပ်ငန်းတွေကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေအတွက် လျော်ကြေးပေးဖို့ အစီအစဉ်ရှိ မရှိလဲ မေးခွန်းထုတ်ထားပါတယ်။

စစ်အုပ်စုရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့  အရပ်သားပြည်သူတွေကို အဓမ္မရွှေ့ပြောင်းစေမှုတွေအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍကရတဲ့ ဝင်ငွေတွေက ထောက်ပံ့ပေးနေတာကို  ရပ်တန့်ဖို့၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျနိုင်ငံတို့အနေနဲ့ MOGE ကို ပိတ်ဆို့အရေးယူဖို့၊ အမေရိကန်အနေနဲ့လည်း  MOGE ကို အပြည့်အ၀ပိတ်ဆို့အရေးယူပြီး ဘဏ္ဍာရေးဝန်ဆောင်မှုတွေအပေါ် လက်ရှိချမှတ်ထားတဲ့ ပိတ်ပင်တားမြစ်ချက်ကို ဆက်သက်တမ်းတိုးဖို့   Justice for Myanmar က တိုက်တွန်းပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်သူပေါင်း ၄၇၉၇ ယောက် သေဆုံးခဲ့တယ်လို့ NUGက ထုတ်ပြန်ထားပြီး အိုးအိမ်စွန့်ခွာခဲ့ရသူ ၂ သန်းခွဲ အပါအဝင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ လူဦးရေ ၂ ဒသမ ၈ သန်းကျော် စံချိန်တင်မြင့်တက်နေပြီဖြစ်တယ်လို့ UNOCHA Myanmar က ဧပြီ ပထမပတ်မှာ ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Photo -Chevron

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024