DVB Logo
Home
Lead Story
တိုးလိုက်တိုင်းနစ်၊ လှုပ်လိုက်တိုင်းမြုပ်နေတဲ့ စစ်အုပ်စု
DVB
·
February 10, 2023
တိုးလိုက်တိုင်းနစ်၊ လှုပ်လိုက်တိုင်းမြုပ်နေတဲ့ စစ်အုပ်စု
Donate to DVB

စစ်အုပ်စုက သက်တမ်း ၆ လတိုးတယ်၊ ဂျိုးဘိုင်ဒင်က အာဏာသိမ်းစစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှု ၁ နှစ်သက်တမ်း ထပ်တိုးတယ်။ သူတို့ကလည်း တိုး‌နေကြတယ်။ တော်လှန်ရေးအင်အားစုတွေကလည်း အာဏာရှင်အမြစ်ဖြတ်ဖို့ စစ်ဆင်ရေးကလည်း ရှေ့သို့ကနေ ရှေ့သို့ တရွေ့ရွေ့တိုးလာလိုက်တာ ရွှေပြည်တော်ကြီးဆီ ရောက်လုနီးလာပါပြီ။ ခြေဗလာ လက်ဗလာနဲ့ တိုက်ပွဲစခဲ့ကြတယ်။ တီထွင်မှုမျိုးစုံဖန်တီးပြီး ချီတက် တော်လှန်ခဲ့ကြတယ်။ အခုဆို မြန်မာကို ကမ္ဘာကသိရုံမက လက်ဖျားပါခါနေကြရပြီ။

နွေဦးတော်လှန်ရေးအစမှ သက်တမ်းရင့် စစ်မိစ္ဆာ‌ကြီးကို ပြည်သူတွေ ရင်ဆိုင် ယှဉ်ပြိုင်နိုင်ပါ့မလား အထင်သေးတဲ့ အကြည့်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် အင်အားကြီး အနောက်နိုင်ငံတွေကပါ စောင့်ကြည့်နေခဲ့ကြတယ်။ တော်လှန်ရေးကာလ ၆ ‌လလောက်ကြာတော့ မကောင်းတတ်လို့ အသံထုတ်တဲ့ပုံသဏ္ဌာန်နဲ့ ဘုံသဘောတူညီချက် ထုတ်လိုက်တာ အာဏာသိမ်းစစ်ဗိုလ်ချုပ် မင်းအောင်လှိုင်ကလည်း ပြည်သူကို ငယ်နိုင်ပါဆိုတဲ့ အချိုးနဲ့ အသာတကြည် သဘောတူခဲ့တယ်။

အာဏာသိမ်းပြီး ၁ နှစ်လောက်ကြာလာတော့ အာဏာသိမ်းစစ်အုပ်စု နည်းနည်း မျက်ခုံးလှုပ်လာတယ်။ ဖိလေ ကြွလေ၊ ၈၈ ကအချိုးမျိုး ချိုးမရနိုင်တာ သိလာတယ်။ ပြည်သူကလည်း အရင်တုန်းကအချိုးမျိုး လာမချိုးနိုင်အောင် ထောင့်ပေါင်းစုံ နည်းပေါင်းစုံနဲ့ တော်လှန်တိုက်ပွဲဝင်ခဲ့ကြတယ်။ ဘုံသဘောတူညီချက်က အချိန်ကြာလေ အာဏာသိမ်းစစ်အုပ်စုကို အကြပ်ရိုက်လေ ဖြစ်လာစေတယ်။ ပထမ ၁ နှစ်အတွင်း နွေဦးတော်လှန်ရေးကြီးကို ထိန်းချုပ်နိုင်မယ်အထင်က သဲထဲရေသွန်သလိုဖြစ်သွားတော့ နောက်ထပ် ၆ လပေါ့၊ ၆ လပြည့်သွားတော့၊ နောက်ထပ် ၆ လ ဒီလိုနဲ့ ၂ နှစ်ပြည့်သွားခဲ့ပါပြီ။

အာဏာသိမ်းကာလ ၁ နှစ်ပြည့်ပြီးလို့ ပထမ ၆ လမှာ တော်လှန်အင်အား ပိုကောင်းလာပြီး ခုခံစစ်ကနေ ထိုးစစ်အဖြစ် တဖြည်းဖြည်းပြောင်းလာချိန်မှာ မင်းအောင်လှိုင်နဲ့ အပေါင်းပါ စစ်အုပ်စုတွေလည်း တဖြည်းဖြည်း မျက်ဖြူစိုက်လာကာ ထွက်ပေါက်ရှာလာကြတယ်။ အာဏာသိမ်းစဉ်ကတည်းက ကြေညာထားတဲ့ ရွေးကောက်ပွဲဘက် ခြေယောင်ပြ လှမ်းခဲ့ကြတယ်။ ပြည်သူလူထုကလည်း ရွေးကောက်ပွဲကို လက်မခံကြောင်း ခါးခါးသီးသီး ကန့်ကွက်ကြတယ်။ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေကိုပါ နိုင်ငံ့သစ္စာဖောက်အဖြစ် သတ်မှတ်ချေမှုန်း သုတ်သင်ကြတော့ သူတို့ရဲ့ ရွေးကောက်ပွဲထွက်ပေါက်က ဝေဝါးနေခဲ့တယ်။ ကမူးရှူးထိုးနဲ့ ရွေး/ကော်ဥပဒေ ထထုတ်လိုက်တော့ စစ်တပ်ရဲ့ လက်ဝေခံပါတီတွေ၊ လူနည်းစု တိုင်းရင်းသားပါတီငယ်တွေ ပိုးလိုးပက်လက် လန်ကုန်ကြတယ်။ အသံမျိုးစုံထွက်လာကြတယ်။ အာဏာရလိုတဲ့ အိပ်မက်တွေ ပျက်ပြယ်ကုန်ကြတယ်။

အာဆီယံဥက္ကဋ္ဌသစ်ရဲ့ ပြောစကားတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ မင်းအောင်လှိုင်တို့အုပ်စု ဟိုကြားခဲညပ်သလို နေမထိ ထိုင်မရ ဖြစ်လာစေခဲ့တယ်။ အာဏာသိမ်းတာလည်း ၂ နှစ်ပြည့်ပြီ၊ မျောက်မီးခဲကိုင်သလို ဖြစ်နေတော့ မထူးဇာတ်ခင်းပြီး ၆ လ ထပ်တိုးတယ်။ မင်းအောင်လှိုင်ရဲ့ သက်တမ်းတိုး ၆ လအတွင်း အာဏာသိမ်းကာလ ၂ နှစ်ခွဲအကြာမှာ ၈၈ ကာလအလွန် ငြိမ်/ပိခေတ်ကို ရအောင်သွားဖို့ မာရှယ်လော (Martial law) ဥပဒေထုတ် အပြတ်နှိမ်နင်းဖို့ ပြင်ဆင်ခဲ့တယ်။

ဒီခြေလှမ်းတွေကို ကြိုသိ ကြိုမြင်တဲ့ တော်လှန်ရေးဦးဆောင်သူတွေက လမ်းကြောင်းမှန်သမျှ ပိတ်ဆို့ခဲ့ကြတယ်။ အာဆီယံကဖိမယ်၊ အနောက်အင်အားကြီးနိုင်ငံတွေကလည်း အချိန်ကြနေပြီမို့ ထုဖို့ ထောင်းဖို့ စောင့်နေကြပြီ။ ပြည်တွင်း ပြည်ပ အားတွေနဲ့ အာဏာသိမ်း စစ်အုပ်စုကို ကျုံးသွင်းလာကြတာ တော်တော်ခရီးရောက်နေပြီ။ စစ်အုပ်စုအတွက် ရှေ့တိုးရင် ထမ်းပိုး၊ နောက်ဆုတ်ရင် ကြိမ်တံပြာကိန်း ဆိုက်နေပြီဖြစ်တယ်။ ဒီနေ့ဒီအချိန်မှာတော့ အခွင့်ထူးခံ အာဏာရူးတွေနဲ့ အခွင့်ရေး‌မျှော် လူထုသစ္စာဖောက်တို့အတွက် ရှေ့တိုးရင် တိုးသလောက်နစ်မယ်၊ လှုပ်ရင် လှုပ်သလောက်မြုပ်မှာ မလွဲဧကန်ပါပဲ ...။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013