DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူနှင့် ကလေးမြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
February 10, 2023
ကန့်ဘလူနှင့် ကလေးမြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုနဲ့ စစ်ဆေးရေးဂိတ်တခုကို ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့မနက် ၅ နာရီက ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကန့်ဘလူမြို့ ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ အထိုင်ချထားတဲ့ စံပယ်နံ့သာစစ်ဆေးရေးဂိတ်ကို သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ကန့်ဘလူမြို့နယ် စံပယ်နံ့သာကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ စခန်းနဲ့ ပေကြီးကျေးရွာ အနီးနားမှာရှိတဲ့ စစ်ကောင်စီအထိုင်ချထားတဲ့ တပ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် မြေပြင်တော်လှန်ရေးတပ်ဖွဲဝင်တဦးက ပြောပါတယ်။

အဲဒီလို စစ်တပ်အထိုင်ချထားတဲ့ဂိတ်နဲ့ တပ်စခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် သုံးနာရီခန့်အကြာမှာ စစ်ကောင်စီတပ်က စံပယ်နံ့သာကျေးရွာမှာရှိတဲ့ ဒေသခံအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် ဆည်မြောင်းရုံးနဲ့ သစ်တောရုံးမှာ အထိုင်ချ တပ်စွဲဖို့လာရောက်တဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ကို ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့တွင်းကနေ စစ်ကောင်စီတပ်တွေဟာ စစ်ကားတွေ၊ အိမ်စီးကားတွေနဲ့ လာရောက်စဉ် ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီကျော်မှာ ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က အသင့်တပ်ဆင်ထားတဲ့ လက်နက်ကြီး ၄၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ မိမိတို့ဘက်က ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ကလေး UG အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့တွေက ကားကြီး ၃ စီး၊ ကားအသေး ၃ စီးနဲ့ ခရိုင်ဆည်မြောင်းရုံးနဲ့ သစ်တောဘက်မှာ တပ်စွဲဖို့လာတာ။ ကျနော်တို့ဘက်က အသင့်တပ်ဆင်ထားတဲ့ လက်နက်ကြီး ၄၀ မမနဲ့ သူတို့ကားစီးလာတုန်း အနီးကပ် ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ၃ ဦးသေတယ်။ ၇ ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကို လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခဲ့ပေမဲ့ ကျနော်တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။”

အဲဒီပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ ကလေး UG အဖွဲ့ရဲ့ လက်နက်ကြီးမှန်ပြီး နာကျင်‌အော်ဟစ်‌နေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အော်သံတွေကိုလည်း ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၈ ရက် ညကလည်း ခရိုင်ဆည်မြောင်းရုံးအတွင်းမှာ ညကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၅ ယောက်လောက်ကို ကလေး UG အဖွဲ့က လက်နက်ကြီး ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လတ်တ‌လော ခရိုင်ဆည်မြောင်းရုံးအနီးမှာ စစ်ကောင်စီဘက်က ခြေရှုပ်နေတာမို့ အနီးပတ်ဝန်းကျင်က ဒေသခံတွေ အထူးဂရုစိုက် သွားလာနေထိုင်ကြဖို့ ကလေးမြို့ပြ UG ဘက်က ပြောဆိုထားပြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013