DVB Logo
Home
မြန်မာသတင်း
ကေအန်ယူရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၁ ဦးသေ၊ ၄၀၀၀ ကျော် ထွက်ပြေး
DVB
·
February 10, 2023
ကေအန်ယူရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၁ ဦးသေ၊ ၄၀၀၀ ကျော် ထွက်ပြေး
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နယ်မြေရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး အလုံးရေ ၅၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၁ ယောက် သေဆုံးပြီး ကျေးရွာပေါင်း ၇ ရွာက ထွက်ပြေးတိမ်းရှောင်ရသူ ပြည်သူအယောက် ၄,၂၅၀ ထိရှိလာခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်ည ၁၁ နာရီ မိနစ် ၂၀ လောက်မှာ ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းကျေးရွာကတဆင့် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အင်အားအယောက် ၅၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA တို့ အုန်းပင်စုကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေဘက်က နတ်သံကွင်းတံတားကနေ လက်နက်ကြီး အလုံး ၅၀ ကျော်ကို ကျေးရွာအတွင်း ပစ်ခတ်ခဲ့တာဖြစ်ပြီး အုန်းပင်ကျေးရွာထဲကို ၂၂ လုံး ကျ ရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၄၅ နှစ်အရွယ် အုန်းပင်စု ကျေးရွာသား စောဂျာလူး သေဆုံးခဲ့ပြီး အသက် ၃၆ နှစ်အရွယ် စောနာထူး၊ ၂၈ နှစ်အရွယ် စော ကိုင်ဇာဦးနဲ့ ၂၉ နှစ်အရွယ် နော်သောဒီစေးတို့ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

လက်နက်ကြီးပစ်ခတ်တဲ့အချိန်ဟာ ညအချိန်ဖြစ်တာကြောင့် အနီးနားကျေးရွာတွေဖြစ်တဲ့ ရေတွင်းကုန်းလေး၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ အုန်းချစ်ကုန်း၊ အုန်းပင်စု၊ ရန်မျိုးအောင်နဲ့ နှောက်ကုန်းအစရှိတဲ့ ကျေးရွာပေါင်း ၇ ရွာက ဒေသခံပြည်သူတွေ ကြောက်လန့်ကာ အသက်ဘေးလွတ်ရာဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၁ သန်းခွဲ ကျော်ထိ ရှိလာနေပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတာကြောင့် လူမှုကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှု တွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013