DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့် မံစီမြို့နယ်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
February 9, 2023
ရေစကြိုနှင့် မံစီမြို့နယ်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
1 / 3
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၈ ရက် ည ၁၁ နာရီလောက်မှာ ပခုက္ကူခရိုင် တပ်ရင်း-၁၀၊ တပ်ခွဲ ၁၊ ၂၊ ၃ ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ပန်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစစ်(...) တွေကို M16 တွေ၊ M16 သေနတ်မှာ အီနာဂါဗုံးသီး ထိပ်ဖူးတပ်ပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာမှာ ကင်းစင်ပေါ်က စစ်ကောင်စီတပ်သား ၂ ယောက် ပြုတ်ကျသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်။ သူတို့ဘက်ကလည်း ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်ပေမဲ့ အပြင်ကိုထွက်မလာရဲဘဲ တိုက်ပွဲဖြစ်ပွားချိန် ၅ နာရီကျော်လောက် ကြာမြင့်ခဲ့ကာ ကျနော်တို့ဘက်က ရဲဘော်တွေ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၄ နာရီ ခွဲလောက်မှာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

မင်းရွာကျေးရွာမှာ ပြီးခဲ့တဲ့ ၇ လလောက်ကတည်းက စစ်ကောင်စီတပ်သားတွေ အင်အား ၇၀ လောက်နဲ့ အထိုင်ချ တပ်စွဲထားကာ ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ အဖိုးတန်လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ခိုးယူတာတွေ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့မှာလည်း လွယ်ဂျောင်ဘွမ်ဘက်ကို စစ်ကြောင်းထိုးဖို့နဲ့ ရိက္ခာပို့ဖို့အတွက် လမ်းပြုပြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA နဲ့ ABSDF ကျောင်းသားတပ်မတော် ပူးပေါင်းအဖွဲ့တွေ ဖေဖော်ဝါရီ ၈ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၄၂၄၊ ခလရ ၄၇၊ ခလရ ၂၅၀ တပ်ရင်းသုံးခုမှာရှိတဲ့ အင်အား ၂၀၀ ဝန်းကျင်က စစ်ကြောင်းထိုးဖို့နဲ့ ရိက္ခာသယ်ယူဖို့အတွက် လမ်းပြုပြင်နေတာဖြစ်ပြီး KIA နဲ့ ABSDF ကျောင်းသားတပ်မတော် အမှတ် ၁၀ တပ်ရင်းက အူလန်ပါရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်နီးပါးရှိပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ကာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးပစ်ကူသလို ဒရုန်းတွေနဲ့လည်း တိုက်ခိုက်ပေမဲ့ KIA နဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့တွေက အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ABSDF စစ်ကြောင်းမှူး ဗိုလ်သူရက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို KIA ဘက်က ဗိုလ်ကြီး လဘန်ဘရန်မိုင် ဦးစီးပြီး ABSDF ကျောင်းသား တပ်မတော်ကတော့ စစ်ကြောင်းမှူး ဗိုလ်သူရ ဦးစီးခဲ့တာဖြစ်ကာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို မံစီမြို့နယ်ထဲက လွယ်ဂျောင်ဘွမ်မှာ စစ်ကောင်စီ တပ်စခန်း ရှိတာကြောင့် အဲဒီဒေသတဝိုက်က ကျေးရွာတွေမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013