
ရုရှားပိုင် ကာလင်နင်ဂရက်မြို့ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ သူတိုင်းကို ချေမှုန်းပစ်မယ်လို့ ရုရှားသမ္မတ ပူတင်က မေ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ကာလင်နင်ဂရက်ကို ထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတာ ရုရှားကို ပြသရမယ်လို့ လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးက နေတိုးအဖွဲ့ကို ဒီလအစောပိုင်းမှာ ပြောခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး ပူတင်က တုံ့ပြန်ပြောဆိုခဲ့တာပါ။
ဘောလ်တစ်ပင်လယ်ပြင်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကာလနင်ဂရက်ဟာ လစ်သူရေးနီးယားနဲ့ ပိုလန်နိုင်ငံ တို့ အကြားရှိ ရုရှားရဲ့ နယ်ခြားပိုင်နက်တခုဖြစ်တဲ့ ကာလနင်ဂရက်အိုဘလတ်ရဲ့ အကြီးဆုံးမြို့နဲ့ အုပ်ချုပ်ရေးရုံးစိုက်ရာ မြို့ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံက လတ်ဗီးယားနိုင်ငံကို ဒရုန်းမောင်းသူတွေ စေလွှတ်ပြီး လေ့ကျင့်မှုတွေ ပြုလုပ် နေတယ်ဆိုတဲ့ ရုရှားစုံစမ်းမှု သတင်းတွေကို ကိုးကားပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှု နဲ့ပတ်သက်လို့ ရုရှားကို ဆန့်ကျင့်မှုပြုလုပ်တဲ့ ဘယ်နေရာကိုဖြစ်ဖြစ် တရားဝင်ပစ်မှတ်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်မှာဖြစ်တယ်လို့ ပူတင်က ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ပူတင်က ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးဟာ စစ်ပွဲမှာ သူတို့သိမ်းပိုက်ထားတဲ့ အခြေအနေပေါ် အခြေခံတယ်လို့လည်း ပြောပါတယ်။
မေ ၉ ရက်တုန်းက ယူကရိန်းစစ်ပွဲ ပြီးဆုံးတော့မယ်လို့ သူကိုယ်တိုင် ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး ပူတင်က ပြန်လည် ရှင်းလင်းခဲ့တာပါ။
ဒါပေမဲ့ ပူတင်က ဘယ်အချိန် ပြီးမလဲဆိုတာတော့ အတိအကျပြောဖို့ ငြင်းဆိုခဲ့တာလည်း တွေ့ရပါ တယ်။
ရုရှားဟာ ဥရောပကို စစ်ပွဲဆင်နွှဲဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ဥရောပရဲ့ ပြောဆိုမှုတွေကလည်း လိမ်ညာမှုသာ ဖြစ်တယ်လို့ ပူတင်က ပြောခဲ့ပါသေးတယ်။
ယူကရိန်းဒရုန်းတွေက ရုရှားထိန်းချုပ်ထားတဲ့လူဟန့်ရှိ ကျောင်းဆောင်ကို တိုက်ခိုက်လို့ လူ ၂၁ ယောက် သေခဲ့တာနဲ့ပတ်သက်ပြီး အနောက်မီဒီယာတွေရဲ့ သတင်းဖော်ပြပုံက သူတို့ကိုယ်သူတို့ ရှက်သင့် တယ်လို့လည်း ပူတင်က ပြောပါတယ်။
Source: Reuters











