DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ပလာတာရောင်းသူများအပါအဝင် ထိုင်းရောက် မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ
DVB
·
February 9, 2023
ဘန်ကောက်တွင် ပလာတာရောင်းသူများအပါအဝင် ထိုင်းရောက် မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံဆက်သွားဖို့ပြင်နေတဲ့မြန်မာတွေနဲ့ ဘန်ကောက်မှာ ဈေးရောင်းနေတဲ့မြန်မာတွေ စုစုပေါင်း ၄၄ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဘန့်ကလမ့်မြို့နယ် ထာ့ချန့်ရပ်ကွက်ရှိ ဂိုဒေါင်ဟောင်းတခုမှာ တရားမဝင်အလုပ်သမားတွေကို တခြားနေရာဆက်မပို့ခင်  ခေတ္တလာဝှက်ထားလေ့ ရှိကြောင်း ဒေသခံတွေက သတင်းပေးတဲ့အတွက် မြို့နယ် လဝက ၊ စုံစမ်းရေးတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီ ၈ ရက် မှာ အဆိုပါနေရာကို သွားရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တာဝန်ရှိသူတွေ အဲဒီနေရာကို ရောက်သွားစဉ် မှန်လုံကား တစီးနဲ့ တင်ဆောင်လာတဲ့ တရားမဝင် မြန်မာ ၁၁ ဦးနဲ့  ဂိုဒေါင်ထဲ ကျား၊ မ ဇုန်ခွဲပြီး နေထိုင်သူတွေ ၂၂ ဦး  စုစုပေါင်း ၃၃ ဦးကို ဖမ်းဆီး ရမိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သူတို့ကို အစားအသောက်နဲ့၊ သွားရေးလာရေးစီစဉ်ပေးနေတဲ့ သန့်ဇင်ထွန်း ( ၄၃ နှစ် ) ၊ အောင်ခန့်ဌေး ( ၃၄ နှစ် ) နဲ့  ထိုင်းယာဉ်မောင်းသမား နိုင်းပရဆစ် ( ၄၈ နှစ် ) တို့ကိုပါ တရားမဝင်သူတွေ အားပေးကူညီမှု၊ အကာအကွယ်ပေးမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ 

ယာဉ်မောင်း နိုင်းပရဆစ်ရဲ့ ထွက်ဆိုချက်အရ သူဟာ အဲဒီမြန်မာ ၁၁ ဦးကို ပရကျုပ်ခီရီခန်ကနေ အခကြေးငွေ ဘတ် ၁၂၀၀၀ နဲ့ တင်ဆောင်လာပေးတာလို့ ဆိုပါတယ်။ 

မြန်မာ ၁၁ ဦးကလည်း သူတို့ဟာ မလေးရှားနိုင်ငံကို ဆက်သွားဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၄၅၀၀ ပေးခဲ့ရတယ်လို့ ပြောပါတယ်။ 

ဆုန်ခလာခရိုင်ထဲမှာ ဒီ ၂၀၂၃ ခုနှစ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကို ဖမ်းဆီးရမိတာ ဒီတခေါက်နဲ့ဆို ၃ ကြိမ်ရှိသွားပြီဖြစ်ကြောင်း ၊ ဇန်နဝါရီလ ၆ ရက်နေ့က ၂၉ ဦး ၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က ၃၀ ဦး နဲ့ ခုတခေါက် ၃၃ ဦးပါ စုစုပေါင်း ၉၂ ဦးဖမ်းမိတယ်လို့ ဆိုပါတယ်။ 

ဖေဖော်ဝါရီလ ၇ ရက်နေ့ကတော့ ဘန်ကောက်မြို့ ဖရနခွန်းနယ်မြေ ခေါက်ဆန်လမ်းပေါ်မှာ လက်တွန်းလှည်းနဲ့ ဈေးရောင်းနေတဲ့ မြန်မာလုပ်သား ၁၁ ဦး အဖမ်းခံခဲ့ရပါတယ်။ 

နိုင်ငံခြားသားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ခေါက်ဆန်လမ်းပေါ်မှာ ရွှေ့ပြောင်းအလုပ်သမားတချို့ တွန်းလှည်းနဲ့ ဈေးရောင်းနေပြီး ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို ဝင်လုနေကြောင်း တိုင်ကြားချက်ရထားတဲ့အတွက် နယ်မြေခံရဲတွေဟာ အရပ်ဝတ်နဲ့ ဈေးလည်ပတ်သူ အယောင်ဆောင်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ရဲတွေက ပလာတာနဲ့ မုန့်ပဲသရေစာရောင်းနေတဲ့ ဆိုင်တွေကို ဝင်ရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ သူတို့မှာ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားကတ်တွေ မရှိတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

စစ်ဆေးရေးလာတယ်လို့ သတင်းကြားတာနဲ့ တချို့ဈေးသည်တွေဟာ ဆိုင်ကိုပစ်ထားပြီး ထွက်ပြေးသွားကြကြောင်း၊ အဲဒီနေ့ကတော့ ဈေးရောင်းနေတဲ့ မြန်မာအမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေဟာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာပြီး အဲဒီနေရာမှာ ဈေးလာရောင်းတာ တနေ့ကို ဘတ် ၁၀၀၀ မှ ၁၅၀၀ ထိရတယ်လို့ ထွက်ဆိုသွားပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်သမားကတ်ရှိရင်တောင်မှ ကိုယ်ပိုင်ဈေးရောင်းတဲ့အလုပ်ကို လုပ်  ခွင့်မရှိကြောင်း၊ သူတို့ကို လဝက ဥပဒေ၊ တည်ဆဲအလုပ်သမားဥပဒေတွေနဲ့ အရေးယူဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို ပို့ထားတယ်လို့ siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား - matichon.co.th/siamrath.co.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013