DVB Logo
Home
မြန်မာသတင်း
စစ်တပ်ရန်ကြောင့် ခင်ဦးဒေသခံ ၆,၀၀၀ ထွက်ပြေး၊ ထီးချိုင့်၌ ဘုန်းကြီး ၁ ပါး လက်နက်ကြီးထိမှန် ပျံလွန်၊ အင်းတော်၌ ဆရာများကို ရှာဖွေဖမ်းဆီး
DVB
·
February 8, 2023
စစ်တပ်ရန်ကြောင့် ခင်ဦးဒေသခံ ၆,၀၀၀ ထွက်ပြေး၊ ထီးချိုင့်၌ ဘုန်းကြီး ၁ ပါး လက်နက်ကြီးထိမှန် ပျံလွန်၊ အင်းတော်၌ ဆရာများကို ရှာဖွေဖမ်းဆီး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းက အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် စစ်ကြောင်းထိုးလာလို့ ဒေသခံ ၆,၀၀၀ ကျော် နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီစစ်ကြောင်းဟာ ရေဦး-ခင်ဦး ကားလမ်းတလျှောက် စစ်ကြောင်းထိုးလာတဲ့အတွက် ကားလမ်းမကြီးဘေးမှာရှိတဲ့ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးနေရပြီး နီးစပ်ရာကျေးရွာတွေမှာ ဖြစ်သလို စုပြီးနေထိုင်နေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီလို စစ်ဘေးရှောင်တွေ စားသောက်ဖို့အတွက် တခြား နီးစပ်ရာကျေးရွာတွေက ဒေသခံတွေကို ထမင်းထုပ် စုအလှူခံပြီး ကူညီနေရတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ မီးရှို့ခံရတဲ့ အိမ်ခြေ ၃,၇၀၀ ဝန်းကျင်ထိရှိပြီး လူဦးရေ ၂၀,၀၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ မီးဘေးဒုက္ခကြုံနေရတယ်လို့ ဒေသကူညီရေးအဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာတော့ သခွတ်ချောင်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၁၂ နာရီကျော်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ၆၀ ကျော်အရွယ် ဘုန်းတော်ကြီးတပါး ပျံလွန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သခွတ်ချောင်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၅ ရက်က ထီးချိုင့်မြို့အတွင်းကနေ ထွက်လာတဲ့စစ်တပ် ဖြစ်တယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်ဒေသခံတဦးက“ထီးချိုင့်မြို့ကနေ ကျက်သရေချောင်းရွာဘက်ကနေ စစ်ကြောင်းထိုးလာတာဗျ။ အဲဒီရွာကနေ သူတို့လုပ်နေကျအတိုင်း ရွာတရွာဝင်မယ်ဆိုရင် လက်နက်ကြီးနဲ့ ပစ်ဝင်တာ။ အခုလည်း သူတို့ ၂ နာရီကျော်လောက်က သခွတ်ချောင်ရွာဘက်ကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်ဗျ။ အဲဒီလိုပစ်ခတ်လို့ ဆွမ်းစားကျောင်းပေါ်ကျပြီး အခန်းနေ အသက် ၆၀ ကျော် ဘုန်တော်ကြီးတပါး ပျံလွန်တော်မူသွားတယ်” လို့ ပြောပါတယ်။

သခွတ်ချောင်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်‌တပ်ဟာ လတ်တလော သခွတ်ချောင်ရွာအနီး ပေါက်တောရွာဘေးမှာ ရှိနေပြီး အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာလည်း ပေပင်ကျေးရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်လောက်ဟာ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က စာသင်ကျောင်းတွေမှာ စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေနဲ့ PDF ထောက်ပို့သူတွေ ရှိ၊ မရှိ လိုက်လံရှာဖွေနေတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

“ရွာထဲမှာရှိတဲ့ လူနေအိမ်တွေကို လိုက်မွှေနှောက်နေပြီး NUG ကျောင်းမှာ စာသင်နေတဲ့ ဆရာ၊ ဆရာမတွေနဲ့ PDF ထောက်ပို့တွေ ရှိ မရှိ စစ်ဆေးနေပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေကိုလည်း ဖုန်းဆက် ပြန်ခေါ်ခိုင်းနေပြီး အောင်းကုန်းရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ လှမ်းထုနေတယ်” လို့ Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဒီနေ့ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းမှာ ပြန်လည်ထွက်ခွာသွားပြီး ဖမ်းဆီးခံရသူမရှိကြောင်း အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013