
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ဒဟတ်တန်း (တောင်) ရွာကို ဇူလိုင် ၃၁ ရက် ညနေ ၅ နာရီ လောက်မှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
စစ်တပ်က ဗုံး ၇ လုံး ကြဲချခဲ့တာကြောင့် နေအိမ် ၁ လုံးပေါ်ကျရောက်ပြီး အသက် ၆၀ အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တဲ့အပြင် အတူနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ ဒဏ်ရာရခဲ့ပါတယ်။
လူထုသတင်းကွန်ရက် (မလှိုင်မြို့) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ညနေ ၅ နာရီလောက်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီးက မလှိုင်မြို့ရဲ့ တောင်ဘက်ခြမ်းမှာ ရှိတဲ့ ဒဟတ်တန်း(တောင်)ရွာဘက်ကို ဗုံး ၇ လုံး ကြဲသွားတာပါ။ တလုံးက ရွာထဲကျပြီး အသက် ၆၀ ဝန်းကျင် အမျိုးသမီး သေဆုံးသွားပါတယ်။ တအိမ်တည်း နေကြတဲ့ အမျိုးသားနဲ့ အမျိုးသမီး တို့ကတော့ ဒဏ်ရာအပြင်းအထန်ရလို့ ဆေးကု နေကြပါတယ်” လို့ ပြောပါတယ်။
ဗုံးကြချခဲ့တဲ့အတွက် နေအိမ်တချို့ ပျက်စီးသွားပြီး နွား ၅ ကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မလှိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တယောက်က “အခု လောလောဆယ် အဲဒီဘက်မှာ စစ်ကြောင်းလည်း မရှိသလို တိုက်ပွဲဖြစ်နေတာလည်း မရှိပါဘူး။ မိတ္ထီလာနယ်ထဲမှာတော့ ဒီဘက်ကို စစ်ကြောင်းထိုးဖို့ အခုရက်ပိုင်းထဲ ပြင်နေတယ်လို့ သိရတယ်။ အဲဒါကြောင့်မို့လို့ လေကြောင်းကနေ ပြည်သူတွေအိမ်တွေပေါ်ဗုံးကြဲပြီး နယ်မြေရှင်းလင်းရေးလုပ်တယ်လို့ပဲ ယူဆတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်က ပြည်သူတွေကို မရှောင်ဘဲ လေကြောင်းတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတာကြောင့် ပြည်သူသေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးရတာတွေ ဖြစ်နေလို့ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့လေကြောင်းရန်အန္တရာယ်ကို အထူးသတိပြု ရှောင်ရှားဖို့ သူက ဆက်ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မလှိုင်မြို့နယ်ထဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ တွေ မကြာခဏလုပ်နေတာကြောင့် ပြည်သူသေဆုံးမှုတွေနဲ့ လူနေအိမ်ပျက်စီးတာတွေ များနေတယ် လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။










