DVB Logo
Home
Lead Story
မာရှယ်လောထုတ်လည်း မအလ ဟာ မအလ ပဲ
DVB
·
February 8, 2023
မာရှယ်လောထုတ်လည်း မအလ ဟာ မအလ ပဲ
Donate to DVB

ဖေဖော်ဝါရီလ ၂ ရက်နေ့က မာရှယ်လောဆိုတဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ ဘယ်အဖွဲ့ကလဲဆိုတော့ ပြည်သူ့အသံတိတ်ဆန့်ကျင်မှုကို ပူပူနွေးနွေး ခံထားရတဲ့ အဖွဲ့အစည်းကပါ။ သူတို့ ကိုးကွယ်တဲ့ ၂၀၀၈ ခြေဥနဲ့တောင်မညီဘဲ နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ အဖွဲ့ပါ။ တနည်းဆိုရရင် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့ မင်းအောင်လှိုင် အမှူးပြုတဲ့ စစ်တပ်အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းကပဲ ဖြစ်ပါတယ်။

သူတို့ထုတ်ပြန်ချက်အရ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်း ဒေသတွေရှိ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်တဲ့။ အဲဒီလို ကြေညာခံရတဲ့ မြို့နယ်တွေမှာ အမှုတွေကို စစ်ခုံရုံးတွေနဲ့ပဲ အကျဥ်းရုံးစစ်ဆေးသွားမတဲ့။ ပြစ်ဒဏ်ချမှတ်ရာမှာလည်း သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ ထောင်ဒဏ်၊ သက်ဆိုင်ရာ ပြစ်မှုအလိုက် သတ်မှတ်ထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်မှာ ဖြစ်ပါသတဲ့။ ဒီကြေညာချက်ကို ၂၀၀၈ ခြေဥရဲ့ ပုဒ်မ ၄၁၉ အရ ထုတ်ပြန်ပါသတဲ့။

Martial Lawဆိုတာ ဒီနေရာမှာ အလျဥ်းသင့်လို့ Martial Law (စစ်အုပ်ချုပ်ရေးဥပဒေ)အကြောင်း အနည်းငယ်ရှင်းပြခွင့်ပြုပါ။ Martial Law ဆိုတာ စစ်ပွဲ၊၊ ပုန်ကန်မှု၊ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမား ဖြစ်ပွားမှု စတဲ့အချက်တစ်ခုခုကြောင့် တိုင်းပြည်မှာ အရေးပေါ် အခြေအနေတရပ် ဖြစ်ပွားတယ်လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက သတ်မှတ်လိုက်တဲ့အခါ ထုတ်ပြန်ရတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာဆို အရပ်ဘက်လုပ်ငန်းဆောင်တာတွေ အကုန်ရပ်ဆိုင်းသွားပါတယ်။ စစ်တပ်ကပဲ တိုက်ရိုက်အုပ်ချုပ်လိုက်တာမျိုးပဲ ဖြစ်ပါတယ်။ သာမန်အရပ်ဘက် ဥပဒေတွေလည်း ရပ်ဆိုင်းကာ စစ်တပ်က ထုတ်ပြန်တဲ့ အမိန့်တွေနဲ့ပဲ အုပ်ချုပ်ကြတယ်။ အဲဒီဒေသရှိ ပြည်သူတွေကလည်း တရားရင်ဆိုင်ရာမှာ စစ်ခုံရုံးတွေနဲ့ စစ်ဆေးခံရပါတယ်။ “ကျားသနားမှ နွားချမ်းသာ ဆိုသလို” စစ်ခုံရုံးတွေရဲ့ ပြုသမျှနုရတဲ့ အခြေအနေကို ဆိုက်ရောက်သွားပါတယ်။ ဒါ့ကြောင့် စစ်အုပ်ချုပ်ရေးအခြေအနေကို တချို့က “ဖွဲ့စည်းပုံပါ နိုင်ငံသားအခွင့်အရေးများ ရပ်ဆိုင်းသွားသည့် အခြေအနေ’လို့ သတ်မှတ်ကြတာပဲ ဖြစ်ပါတယ်။

အဲဒီလို Martial law ဆိုတာကို စစ်တပ်အမည်ခံ အကြမ်းဖက်အဖွဲ့က ၂၀၀၈ ခြေဥရဲ့ ပုဒ်မ ၄၁၉ အရ ထုတ်ပြန်လိုက်ပါသတဲ့။ ၂၀၀၈ ဆိုတဲ့ မသတီစရာ ခြေဥအကြောင်းကို မပြောချင်ပေမဲ့ ပြောရပါဦးမယ်။ ၂၀၀၈ ခြေဥအရကိုပဲ အရေးပေါ်အခြေအနေအတွင်း စစ်အုပ်ချုပ်ရေး အမိန့်တရပ် ထုတ်ပြန်နိုင်ခွင့်ရှိသူဟာ သမ္မတပဲ ​ဖြစ်ပါတယ်။ ဒီအကြောင်းကို ၂၀၀၈ ခြေဥ ပုဒ်မ ၄၁၃(ခ)မှာ တွေ့နိုင်ပါတယ်။ သမ္မတကို ဖမ်းချုပ်ထားတဲ့ အခြေအနေမျိုးမှာ အခုလို စစ်အုပ်ချုပ်ရေး အမိန့်တရပ် ထုတ်ပြန်တာဟာ သူတို့ကိုးကွယ်တဲ့ ၂၀၀၈ ခြေဥအရကို တလွဲဖြစ်နေတာပဲ မဟုတ်ပါလား။

 အရာကြီးနဲ့ဘာဘူ အတူတူ

လူထုထောက်ခံမှုမရတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အမည်ခံ အကြမ်းဖက်အဖွဲ့ဟာ ဘယ်လိုပဲ မာရှယ်လောတွေ၊ စစ်အုပ်ချုပ်ရေးတွေ ကြေညာနေပါစေ၊ သူတို့ကိုယ်၌က နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့ ဥပဒေပြင်ပက အဖွဲ့မို့ သူတို့ ထုတ်ပြန်တာ မှန်သမျှ တရားမဝင်ပါဘူး။ ဒါ့အပြင် တနိုင်ငံလုံးကို စစ်အုပ်ချုပ်ရေးလို့ ယခုလို အတိအလင်း မကြေညာသည့်တိုင် ဒီအရင်ကတည်းက အကြမ်းဖက်စစ်မိစ္ဆာတပ်ဟာ နိုင်ငံတဝန်းလုံးကို စစ်အုပ်ချုပ်ရေးသဖွယ် ကျင့်သုံးနေတာပဲဆိုတာ မြန်မာပြည်သူတွေ အသိဆုံးပါပဲ။ နိုင်ငံသားအခွင့်အရေးတွေ အကုန်ရုပ်သိမ်းခံလိုက်ရတယ်။ မဟုတ်တရုတ် ပေါက်ပန်းလေးဆယ် အချက်တွေကို ဥပဒေဆိုပြီး ထုတ်ပြန်ကာ ပြည်သူကို ဖိနှိပ်တယ်။ တရားသူကြီး ဆိုသူ ဂုဏ်မက်၊ ငွေမက်၊ အာဏာမက်တဲ့ ကြိုးဆွဲရုပ်တွေကို လက်နက်အားကိုး ခြိမ်းခြောက်ပြီး စစ်ကျွန်တရားရုံးတွေအဖြစ် ပြောင်းလဲလိုက်တယ်။ ပြီးတာနဲ့ လိုရင်တမျိုး၊ မလိုရင်တမျိုး ပြည်သူတွေအပေါ်  ပြစ်ဒဏ်တွေ ချမှတ်ခိုင်းတယ်။ဒါတွေဟာ စစ်အုပ်ချုပ်ရေး အမိန့်မထုတ်ပြန်ခင်ကတည်းက နိုင်ငံတဝန်းလုံးမှာ အကြမ်းဖက်နေတဲ့ လုပ်ရပ်တွေပဲ မဟုတ်ပါလား။ မာရှယ်လော ထုတ်ပြန်ရတဲ့အခြေအနေမျိုးနဲ့ ဘာမှ မကွာ။ ဘာမှ မထူးခြားပါဘူး။ သူတို့ဘာသာ ဘာတွေပဲ ထထုတ်ထုတ် မြန်မာပြည်သူတွေအတွက်ကတော့ အရာကြီးနဲ့ ဘာဘူကြီး အတူတူပါပဲ။ မိမိတို့ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးကို ဆုံးခန်းတိုင် အောင်မြင်ဖို့သာ အဓိကဆိုတာ မြန်မာပြည်သူတွေ သဘောပေါက်နေကြပါပြီ။ စစ်အုပ်ချုပ်ရေး မကလို့ ဘာပဲထုတ်ထုတ် တော်လှန်ရေးမအောင်သရွေ့ လူ့ငရဲခန်း ရောက်နေဦးမယ်ဆိုတာ ပြည်သူတွေ နားလည်နေကြပါပြီ။

ဒါကြောင့် ပြည်သူ့ကိုယ်စား ပြောလိုက်ချင်တာကတော့ “မာရှယ်လောမကလို့ ဘာပဲထုတ်ထုတ် မင်းအောင်လှိုင်ဟာ မအလ ပါပဲ”။

နွေဦးဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013