DVB Logo
Home
မြန်မာသတင်း
စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂,၉၅၄ ဦး ကျဆုံးပြီး ၁၃,၈၄၅ ဦး ချုပ်နှောင်ခံထားရ
DVB
·
February 7, 2023
စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂,၉၅၄ ဦး ကျဆုံးပြီး ၁၃,၈၄၅ ဦး ချုပ်နှောင်ခံထားရ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၉၅၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၆၈၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၈၄၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၃၃၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၁၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီလောက်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တန်းရှင်းကျေးရွာဘက်ကို အကြမ်းဖက်စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးကျည်ဟာ ကျေးရွာထဲက နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ ဒေါ်သန်းမော် နေရာတင် သေဆုံးခဲ့ပြီး ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တရားရုံးကနေ အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာ နေထိုင်တဲ့ စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်း အတွင်းရေးမှူးနဲ့ အလွတ်တန်းသတင်းထောက်ဖြစ်သူ ဒေါ်ယဉ်ယဉ်သိန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ယဉ်ယဉ်သိန်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စာသားတွေနဲ့ ဝန်ထမ်းတွေ ကြောက်လန့်စေတဲ့ စာသားတွေကို ရေးတင်တယ်ဆိုကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013