DVB Logo
Home
မြန်မာသတင်း
ရုရှားနှင့်ပေါင်းပြီး နျူကလီးယားစွမ်းအင်ကို နယ်ပယ်အသီးသီးတွင် အသုံးပြုရန် ကြံစည်နေဟု စစ်ခေါင်းဆောင် ပြော
DVB
·
February 7, 2023
ရုရှားနှင့်ပေါင်းပြီး နျူကလီးယားစွမ်းအင်ကို နယ်ပယ်အသီးသီးတွင် အသုံးပြုရန် ကြံစည်နေဟု စစ်ခေါင်းဆောင် ပြော
Donate to DVB

ရုရှားနှင့်ပေါင်းပြီး နျူကလီးယားစွမ်းအင်ကို နယ်ပယ်အသီးသီးမှာ သုံးဖို့ကြံစည်နေတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဖွင့်ပွဲမှာ ပြောခဲ့တာဖြစ်ပြီး အဲဒီစင်တာကို ရုရှနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations က ပူးပေါင်းထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

ROSATOM ရဲ့ ပူးပေါင်းမှုနဲ့ မြန်မာနိုင်ငံမှာ Small Modular Reactor (SMR) (နျူကလီးယားဓာတ်ပေါင်းဖိုအသေးစား) တည်ဆောက် လည်ပတ်ရေးနဲ့ပတ်သက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို မြှင့်တင်နိုင်မှာ ဖြစ်တဲ့အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်နိုင်ပြီး နျူကလီးယားစွမ်းအင်ကို လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းကင်း သုံးနိုင်မယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ROSATOM နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့လည်း ပြောပါတယ်။

သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ပြီးရင် နျူကလီးယား နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေးလုပ်ငန်းတွေကို အစီအစဉ်အတိုင်း ဆက်လုပ်တော့မှာဖြစ်ပြီး  နျူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

နိုင်ငံရဲ့ နျူကလီးယားအခြေခံအဆောက်အုံ တည်ထောင်နိုင်ရေးနဲ့ပတ်သက်လို့ နှစ်ဖက် ကျွမ်းကျင်သူတွေ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး လိုအပ်တဲ့ နျူကလီးယား ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)ရဲ့ မှတ်တိုင်ပါ အချက် ၁၉ ချက်အတိုင်း အကောင်အထည်ဖော်ဖို့ ပူးပေါင်းကြမယ်လို့လည်း ပြောပါတယ်။

ရုရှားပိုင် ROSATOM ရဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်း နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေးမှာ အရည်အချင်းပြည့်မီတဲ့ ကျွမ်းကျင်ပညာရှင်တွေလိုမှာဖြစ်ပြီး ပညာရှင်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဖို့အတွက်လည်း သဘောတူညီထားပြီ လို့ ပြောပါတယ်။

ရုရှားနိုင်ငံ ROSATOM နဲ့ မြန်မာနိုင်ငံ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနတို့ဟာ ၂၀၁၅ ခုနှစ် ဇွန် ၁၈ ရက်က နျူကလီးယားစွမ်းအင် အသုံးချရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာလည်း လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနဲ့ ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့မှာ ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထုရဲ့ အပြုသဘောဆောင်တဲ့ သဘောထားအမြင်တွေ ရလာစေဖို့အတွက် နားလည်မှုစာချွန်လွှာ ၂ စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီးပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနေ့ကလည်း နျူကလီးယား နည်းပညာ အသုံးချနယ်ပယ် ၁၄ ခုမှာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရှေ့ဆက်လုပ်မယ့်လုပ်ငန်းစဉ် သဘောတူညီချက်တခုကိုလည်း လက်မှတ်ထိုးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနနဲ့ ရုရှပိုင် ROSATOM တို့အကြား ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013