DVB Logo
Home
Lead Story
မင်းအောင်လှိုင်၏ လက်ရှိ အကျပ်အတည်း
DVB
·
February 7, 2023
မင်းအောင်လှိုင်၏ လက်ရှိ အကျပ်အတည်း
Donate to DVB

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေမှုများသည် အမေရိကန်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအား ထူးထူးခြားခြား သာမန်ထက်လွန်ကဲစွာ ခြိမ်းခြောက်လာနေမှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့က သမ္မတ၏ လုပ်ပိုင်ခွင့်အမိန့် ၁၄၀၁၄ ဖြင့် နိုင်ငံအတွက် အရေးပေါ်အခြေအနေအား ၂၀၂၃ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ပိုင်းအတွက် သက်တမ်း ထပ်မံတိုးမြှင့်လိုက်သည်၊ ပုံ သမ္မတ ဂျိုးစက် အာ ဘိုင်ဒင် ဟု ယနေ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ဖေဖော်ဝါရီ ၆ ရက် နေ့စွဲဖြင့် အိမ်ဖြူတော်မှ သတင်းကြေညာချက် ထွက်ပေါ်လာခဲ့သည်။

မင်းအောင်လှိုင်၏ လက်ရှိရင်ဆိုင်နေရသော ပြဿနာကား ယခုပုံစံအတိုင်း မည်သို့မျှ ဆက်၍ ရေရှည်ရပ်တည်သွား၍မရ ဖြစ်နေခြင်းပင်။ ဤသည်ကား နိုင်ငံတကာ ဖိအားပေးမှုများ ကြောင့်လည်း မဟုတ်၊ တကမ္ဘာလုံးက အမျိုးသားညီညွတ်ရေးအစိုးရအား ဝိုင်း၍ အသိအမှတ် ပြုလာကြသည့်တိုင် ၎င်းအနေဖြင့် အာဏာကို စွန့်လွှတ်ကြမည့်သူများ မဟုတ်၊ အဓိကသည် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ တနေ့ထက်တနေ့ အင်အားကောင်းလာနေသောကြောင့်ပင် ဖြစ်သည်။ ထိုအရေးကို မဖြေရှင်းနိုင်လေပို၍ အင်အားကောင်းလာလေလေ ဆိုသည့် အကျပ်အတည်းကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ဖြေရှင်းခဲ့သည်မှာလည်း ၂ နှစ်ပင် ရှိလာခဲ့ပြီ ဖြစ်သည်။

ဧရာဝတီသတင်းအရ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျောက်ဆည်၊ မြင်းခြံ၊ စစ်ကိုင်း၊ ရွှေဘိုဒေသများရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခရိုင်တပ်ရင်း လေးရင်း စုပေါင်းပြီး မြင်းမူမြို့နယ်အတွင်းရှိ စစ်စခန်းတခုကို အောင်မြင်စွာ ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး မင်းအောင်လှိုင် တပ်ဘက်မှ ၂၅ ဦး သေဆုံးသွားသည်ဟု သိရသည်။

၎င်းကိုယ်တိုင်ပင် ထိုအရေးကို သွယ်ဝိုက်ထုတ်ဖော်ဝန်ခံလာရပြီး ရွေးကောက်ပွဲလုပ်မည် ဆိုသည်ကိုပင် မရေမရာ ဖြစ်လာနေရပြီ ဖြစ်သည်။ ထိုသို့ ထုတ်ဖော်ဝန်ခံလာခြင်းသည်လည်း အကြောင်းပေါင်းများစွာ ရှိနေသည်။ သူ့၏ သစ္စာခံတပ်များအား Do or Die အနေအထား ရောက်လာပြီဟု အသိပေးလိုက်ခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပေးဖို့ လိုအပ်သောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လှုံ့ဆော်မှုကြောင့် ၎င်းတို့အပေါ် လူထုက ဆန့်ကျင်လာကြခြင်း ဖြစ်သည်ဟုပင် သွေးရူးသွေးတန်း ပြောလာနေသည်။

၎င်းတို့အား နိုင်ငံတကာအနေဖြင့် အသိအမှတ်ပြုကြပါရန် နိုင်ငံခြားရေးဝန်ကြီးအသစ် ဖြစ်လာသူ သန်းဆွေကပင် မေတ္တာရပ်ခံလာသည့်အဆင့် ဖြစ်လာနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် တတိုင်းပြည်လုံး မီးလင်းအောင် စီမံချက်အဆင့်ဆင့်ချ၍ လုပ်ပြနိုင်ခဲ့သော်လည်း ၎င်းအဖို့က ရုရှားအကူအညီမပါလျှင် ဘာမှလုပ်၍မရအောင် ဖြစ်နေသည်။

လက်ရှိအနေအထားတွင် စစ်တပ်သည် ခိုင်မြဲနေဆဲဖြစ်သည်ဟု အပြင်ပန်းအားဖြင့် ပြော၍ရသော်လည်း အောက်ခြေတွင် တနေ့တခြား ယိုင်နဲ့လာနေပြီ ဖြစ်သည်။ ထိုအကြောင်းကို အထက်ကို မည်သို့မျှ မတင်ပြရဲဘဲ ဖုံးဖိနေကြပြီး တပ်၏ အတွင်းစည်းကို အခိုင်အမာ ပြန်လည် တည်ဆောက်လာနေကြ၍ မိသားစုလုံခြုံရေးကို ငဲ့ကာ တပ်ကို စွန့်ခွာထွက်ပြေးသူများ လျော့နည်းလာခဲ့သည်။ သို့သော် အတွင်းစည်းထဲမှ ဖရဲသီးများ၏ ထောက်လှမ်းရေး သတင်းများက တိုး၍ လက်ခံရရှိလာနေသည်။

ပြည်သူ့ရင်ခွင်အဖွဲ့၏ ထုတ်ပြန်သော စာရင်းအရ ယနေ့ထိ တပ်ကို စွန့်ခွာထွက်ပြေးလာသူ ၁၀,၀၀၀ ခန့် ရှိရာတွင် ယမန်နှစ်အတွင်း ၂,၀၀၀ ခန့်သာ ရှိခဲ့သည်ဟု Frontier Myanmar တွင် ဖော်ပြထားသည်။ သို့သော် ထိုအနေအထားကို သက်ဆိုင်ရာ တပ်ရင်းများက ဖုံးဖိထားပြီး ဝါဒဖြန့်မှုများသာဖြစ်ကြောင်း အထက်ကို လိမ်လည်တင်ပြနေကြမည်သာ ဖြစ်သည်။ တပ်ကို စွန့်ခွာထွက်ပြေးလာသူတိုင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် လာရောက်ပူးပေါင်းကြခြင်းမျိုးတော့ မဟုတ်ပေ။ စစ်တိုက်ချင်စိတ်မရှိ၍ လွတ်ရာကျွတ်ရာ ထွက်ပြေးသွားကြသူများလည်း ရှိနေသည်။ ပြည်သူ့ရင်ခွင်မှ ဗိုလ်ကြီးလင်းထက်အောင် အဆိုအရ ဗိုလ်ကြီးအဆင့်နှင့် အထက် ဟူ၍ ၁၀၀ ခန့်သာ ရှိသေးသည်ဟု သိရသည်။

သို့သော်လည်း အများစုကို အလုံးစုံ ယုံကြည်၍မဖြစ်သေး၊ ရှေ့တန်းတွင် ဝင်ရောက်တိုက်ခိုက်သူ ၅၀၀ ခန့်သာ ရှိနေသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။ အများစုကို နောက်တန်းရှိ လေ့ကျင့်ပေးရေးဘက်တွင်သာ သုံးနေရဆဲဖြစ်သည်ဟုလည်း သိရသည်။

တိုက်ပွဲများတွင် ဖမ်းဆီးရမိခဲ့သူများအား ရေရှည်လက်ခံထားရေးသည် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာမှုများ ရှိနေသည်ဟုလည်း သိရသည်။ အောက်ခြေစစ်သားများက သိလိုသည်များကို တရက် နှစ်ရက်နှင့် ထုတ်ပြောလေ့ရှိသော်လည်း အရာရှိအဆင့်ကမူ ရက်သတ္တပတ် အတန်ကြာ သို့မဟုတ် လအတန်ကြာမှ ပြောလေ့ရှိသည်ဟု ဆိုသည်။ ရန်သူ့ထိုးစစ်ကြောင့် စခန်းများ ရွှေ့ပြောင်းရဖို့ ဖြစ်လာပါက ၎င်းတို့ ထွက်ပြေးမသွားအောင် အတော်သတိထား လှုပ်ရှားရပြန်သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်များမှ ထွက်ပြေး ခိုလှုံလာသူများ ရှိနေပြီဖြစ်၍ ၎င်းတို့ထံမှရရှိခဲ့သော ထောက်လှမ်းရေး သတင်းအချက်အလက်များက တော်လှန်ရေးအတွက် လွန်စွာ တန်ဖိုးရှိခဲ့သည်ဟု ဆိုသည်။ တပ်တွင်း ဖရဲသီးများ၏ သတင်းများသည် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိလာသည်က များသဖြင့် ထိုမှတဆင့် သက်ဆိုင်ရာနယ်မြေများရှိ PDF တပ်ဖွဲ့များထံ လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရန် လက်ဆင့်ကမ်းပေးရသည်ဟု ဆိုသည်။ ၎င်းတို့ပေးသော သတင်းများထဲမှ ၉၀ ရာခိုင်နှုန်းသည် မှန်ကန်သည်ဟု ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့ တိုက်ပွဲများတွင် ထွက်ပြေးခိုလှုံလာသူများ၏ သတင်းများက လွန်စွာ အရေးပါခဲ့သည်။

မည်သို့ပင်ဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် တနေ့တခြား အင်အားကောင်းလာနေပြီဖြစ်၍ လွတ်မြောက်နယ်မြေများသဖွယ် လှုပ်ရှားနိုင်နေပြီဖြစ်သော မြို့နယ် ၃၇ မြို့နယ်တွင် မာရှယ်လောပင် ထုတ်ပြန်လာရပြီ ဖြစ်သည်။

စစ်တပ်သည် ထိုဒေသများအား ရက်ရက်စက်စက် ချေမှုန်းလိုသော်လည်း တဖက်တွင် နိုင်ငံတကာ၏ R2P နှင့် No-Fly Zone များအား ဖိတ်ခေါ်လိုက်သလို ဖြစ်သွားနိုင်သည်။ ထိုသို့ မဟုတ်ကလည်း ဖြစ်လာနိုင်စရာရှိနေသည့် လုံခြုံရေးကောင်စီမှ နိုင်ငံတကာရာဇဝတ်မှုများ ဆိုင်ရာ တရားရုံးသို့ အရေးယူရန် လွှဲပြောင်းပေးလာနိုင်မှုများကို အကြောက်ဆုံးဖြစ်နေ၍ တို့ထိတို့ထိဖြင့် အကြမ်းဖက်နိုင်ဖို့သာ ရှိနေ၍ ကျင်းထဲကျပ်ထဲ ရောက်နေရပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013