
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ပယ်ချတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ဧပြီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ လူ့အခွင့်အရေးကောင်စီရဲ့ ၆၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ် ၃၁ ရက်အထိ ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ဥရောပသမဂ္ဂက တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် အဆိုကို မတ် ၃၁ ရက်မှာ အတည်ပြု ချမှတ်ခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေ၊ တခြားလူနည်းစုတွေရဲ့ အခြေအနေဆိုင်ရာ နှုတ်နဲ့ အစီရင်ခံတင်ပြတာကို အပြန်အလှန် ဆွေးနွေးခဲ့တယ်ဆိုပြီး ထုတ်ပြန်ချက်ချက်မှာ ဦးစားပေး ဖော်ပြထားပါတယ်။
ဆွေးနွေးတာတွေဟာ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေဆီကရတဲ့ မခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို အခြေခံတာလို့ စွပ်စွဲထားပြီး ပြည်တွင်းရေးကို ထိပါးနှောင့်ယှက်တဲ့ ဆွေးနွေးချက်တွေနဲ့ ဆုံးဖြတ်ချက် အားလုံးကို ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချတယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံကတော့ အဲဒီဆုံးဖြတ်ချက်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု အပြည့်အစုံကို မှန်မှန်ကန်ကန် မှတ်တမ်းတင် ဖော်ပြထားတယ်လို့ ဆိုပြီး အဆိုကိုလည်း ပူးတွဲထောက်ခံအဆိုပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆုံးဖြတ်ချက်မှာ အပိုဒ်ပေါင်း ၃၆ ပိုဒ်ပါဝင်ပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လွှဲပြောင်းပေးဖို့လည်း သတိပေးထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ တိုက်ခိုက်မှုတွေ၊ ဆေးဘက်ဆိုင်ရာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးဝန်ထမ်းတွေ အပေါ် ဆက်လက်တိုက်ခိုက်နေမှုတွေကို ရပ်တန့်ရမှာဖြစ်ကြောင်းနဲ့ ပဋိပက္ခတွင်း ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးရဲ့ အကြမ်းဖက်မှုတွေအားလုံး ရပ်တန့်ရမည် ဖြစ်ကြောင်းလည်း ဆုံးဖြတ်ချက်မှာ အလေးပေး ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ အတိုင်းအတာတခုလုံးကို ဒီဆုံးဖြတ်ချက်မှာ မှန်ကန်စွာ မှတ်တမ်းတင်ထားသလို နိုင်ငံအစိတ်အပိုင်း အတော်များများနဲ့ အဓိက နိုင်ငံရေးသမား အများအပြားကို ဖယ်ထုတ်ထားပြီး လွတ်လပ်မျှတမှုမရှိတဲ့ စစ်တပ်ရဲ့ တဖက်သတ် ရွေးကောက်ပွဲကိုလည်း မီးမောင်းထိုးပြထားခဲ့ပါတယ်။










