DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအရွေ့အပြောင်းကြီးတစ်ခုပြုလုပ်မည်၊ စစ်ရေးပိုမိုပြင်းထန်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ရန် KIO/KIA ဗိုလ်ချုပ်ကြီးအင်ဘန်လ ကြေညာ
DVB
·
February 5, 2023
နိုင်ငံရေးအရွေ့အပြောင်းကြီးတစ်ခုပြုလုပ်မည်၊ စစ်ရေးပိုမိုပြင်းထန်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ရန် KIO/KIA   ဗိုလ်ချုပ်ကြီးအင်ဘန်လ ကြေညာ
Donate to DVB

နိုင်ငံရေးအရွေ့အပြောင်းကြီးတစ်ခုကို ပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးပိုမိုပြင်းထန်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ဖေဖော်ဝါရီ ၅ ရက် ဒီကနေ့ကျရောက်တဲ့ (၆၂) နှစ်မြောက် KIO/KIA ရဲ့ တော်လှန်ရေးနေ့မှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းပြောကြားလိုက်ပါတယ်။

“၂၀၂၃ မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အတွက်ကြောင့် ပြည်သူတွေကိုယ့်ရဲ့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြပါ။ သတိရှိရှိနေကြပါ။ ၂၀၂၃ ခုနှစ်ဟာ အရင်နှစ်တွေထက် တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး တော်လှန်ရေးကြီး အောင်မြင်ဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံချက်ဟာ အင်မတန်မှ အရေးကြီးသလို ပြည်သူလူထုထောက်ခံတဲ့ တော်လှန်ရေးတိုင်းဟာ အောင်မြင်မှုရရှိကြပြီး မျိုးဆက်သစ်တွေ လွတ်လပ်တဲ့ တိုင်းပြည်ကို ပိုင်ဆိုင်ရရှိစေဖို့ ပြည်သူတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်တာတွေကို ပြုလုပ်ထားကြဖို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းမှာ ပြောကြားထားတာပါ။

စစ်တပ်အာဏာလုယူလိုက်တဲ့ အချိန်ကစပြီး နှစ်ပေါင်း (၇၀) ကျော် လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေအနေနဲ့ မိမိစာပေနဲ့ယဉ်ကျေးမှုတွေ ပျောက်ပျက်လုနီးပါး ဖြစ်ခဲ့ရပြီး ပြည်တွင်းစစ်လည်း ရေရှည်တည်တံ့ခဲ့ရတာကြောင့် လူမျိုးကြီးဝါဒဟာ အင်မတန်မှ ကြောက်ဖို့ကောင်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးကို အမြစ်ဖြတ်ချေမှုန်းတိုက်ဖျက်ကြဖို့ တစ်နိုင်ငံလုံး ပန်းတိုင်တစ်ခုတည်း ဖြစ်တာကြောင့် လက်ရှိမှာ KIA/KIO အနေနဲ့လည်း NUG အစိုးရ၊ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ချိန် လူမျိုးကြီးဝါဒကို လက်စွဲကိုင်ဆောင်ထားတာမျိုး၊ အဖွဲ့အစည်းတစ်ခုတည်းကိုအာဏာပေးဆောင်ထားတာမျိုး မဟုတ်ဘဲ တန်းတူညီမျှ မှန်မှန်ကန်ကန် ရရှိမှသာ ပြည်တွင်းစစ်ကို ရပ်တန့်နိုင်မှာဖြစ်ပြီးတော့ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့လည်း KIO ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှူန်းမယ်လို့ ကြွေးကြော်ပြီး လက်တွဲလုပ်ဆောင်နိုင်တဲ့ အခြေအနေရောက်ရှိနေပေမဲ့ ဗမာလူမျိုးတွေရဲ့ နိုင်ငံရေးခံယူချက်တွေ လုံးဝပြောင်းလဲသွားတာကို မတွေ့ရကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အခုလက်ရှိအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှူန်းမယ်ဆိုတာကို တနိုင်ငံလုံးအမြင်တူနေပြီး လက်တွဲလို့ရတဲ့အခြေအနေရောက်နေပါပြီ။ KIO ဟာလည်း NUG၊ ပြည်သူ့အခြေပြုလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်တဲ့နေရာမှာ အားသွန်ခွန်စိုက်ပါဝင်နေတယ်။ ဒါပေမဲ့ ဗမာလူမျိုးတွေရဲ့ နိုင်ငံရေးခံယူချက် ပြောင်းလဲသွားတာကို ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူး။ မြန်မာနိုင်ငံလူထုက ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရမယ်လို့ပြောနေတာက ကောင်းတဲ့ဘက်ကို ခြေလှမ်းနေတယ်လို့ သတ်မှတ်လို့ရပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ အခွင့်အရေးတူညီတဲ့ ပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေနဲ့ တည်ဆောက်ရမယ်။ လူဦးရေများတဲ့လူမျိုးမို့ အခွင့်အရေးပိုယူလို့ မရဘူး။ လူများပေမဲ့လည်း ဗမာတွေအတွက် ပြည်နယ်သတ်မှတ်ရမယ်။ တခြားပြည်နယ်တွေ၊ ဖက်ဒရယ်ယူနစ်တွေထက် အခွင့်အရေးပိုယူလို့မရဘူး။ ဒီစနစ်ဟာ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲ။ ဒါပေမဲ့ ဒီလိုနိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့အခါ အစုအဖွဲ့တစ်ခုကိုပဲ ဦးဆောင်ခွင့် မပေးရဘူး။ လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ အဆက်မပြတ်ကျင့်သုံးခဲ့ပြီမို့လို့ ဒီနေ့တော်လှန်ရေးမှာပါဝင်နေတဲ့ NUG၊ ဗမာလူထုနဲ့ အဖွဲ့အစည်းတွေဟာ လက်တွေ့လုပ်ဆောင်ပြဖို့ လိုပါတယ်။ ဒီနေ့အချိန်မှာ စစ်အာဏာရှင်စနစ်ဆိုတဲ့ ရန်သူ့စစ်မျက်နှာကို အတူတိုက်ခိုက်နေကြတာ မှန်ပေမဲ့ လက်ဝါးကြီးအုပ်တဲ့ လူမျိုးကြီးဝါဒကို ကိုင်စွဲထားတယ်ဆိုရင်တော့ တော်လှန်ရေး အဓွန့်ရှည်နေဦးမှာပဲ။"

အလားတူ ကချင်လူမျိုးတွေနဲ့ အတူတကွယှဉ်တွဲနေထိုင်တဲ့ ရှမ်းလူမျိုးတွေအနေနဲ့ ကချင်နဲ့ရှမ်း ကြားသွေးကွဲစေတဲ့ တရားခံဘယ်သူဆိုတာကို သိရှိနားလည်ဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အဘက်ဘက်က ကပ်ဆိုက်တဲ့ကာလရောက်ရှိနေတဲ့အတွက်  ပြည်သူလူထုတစ်ရပ်လုံး အင်အားတစ်ခုအဖြစ်စုစည်းကာ ရန်သူ့လုပ်ငန်းစဉ်ပျက်စီးသွားဖို့ လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒီလို စစ်ကောင်စီက အကြပ်အတည်းရင်ဆိုင်နေရပြီး သူ့တစ်ဖွဲ့တည်းရှိနေချိန်မှာ လူထုနဲ့ တော်လှန်ရေးအဖွဲ့တွေအားလုံး အင်အားစုတစ်ခုအနေနဲ့ လက်တွဲပြီး ရန်သူရဲ့လုပ်ငန်းစဉ်နဲ့ ရည်မှန်းချက်တွေကျဆုံး၊ ပျက်စီးအောင် လုပ်ဆောင်ကြရမယ်။ ဒီအချိန်မှာ စစ်မျက်နှာတစ်ခုတည်းကို ဝိုင်းတိုက်ဖို့နဲ့ အားလုံးရဲ့အသံညီဖို့ အရမ်းအရေးကြီးတယ်။ ဘယ်သူမဆို ကိုယ့်နည်းလမ်းနဲ့ကိုယ် ရန်သူကိုတိုက်နေရင် စစ်အာဏာရှင်အမြစ်ပြတ်ဖို့ မလွယ်ဘူးဆိုတာကို နားလည်ရမယ်။"

စာမျက်နှာ ၇ မျက်နှာပါမိန့်ခွန်းကို ကချင်ဘာသာနဲ့ ထုတ်ပြန်ထားပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက လက်မှတ်ရေးထိုးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013